၃၆(U+Z)

11.4K 1.4K 13
                                    

Unicode

ပိုင်ယန်လည်း တစ်ညတည်းနှင့်စာမူများကိုအပြီးသတ်လိုက်လေသည်။ ပြီးတာနှင့် နောက်တစ်နေ့မနက်ထပြီးစာစစ်သည်။ အချောကိုနေ့ခင်းမတိုင်ခင် စာတိုက်ကိုပို့ပေးလိုက်လေ၏။

သူသက်ပြင်းမှုတ်ထုတ်လိုက်ပြီးရှောက်ချန်ဆီစာပို့လိုက်၏။ သူအခုအထုတ်သိမ်းကာခဏနေလာတော့မည်ဟု။

တကယ်တော့ သူ့တွင်ဘာမှထုတ်ပိုးစရာမရှိပါပေ။ ရှောက်ချန်ကလည်းပစ္စည်းအဟောင်းတွေယူမလာခိုင်းတော့ သူများများစားစားယူသွားစရာရှိမနေပေ။ ကွန်ပျူတာကိုပိတ်လိုက်ပြီးအခန်းကိုလှဲကျင်းလိုက်ကာ ပရိဘောဂများကိုဖုန်မတက်အောင် အဝတ်ဖြူနှင့်အုပ်ခဲ့လိုက်၏။

သူ့မသိစိတ်ထဲတွင် သူသိပ်မကြာခင်မှာပဲရှောက်ချန်အိမ်ကထပ်ထွက်လာရဦးမည်ဟုခံစားနေမိသောကြောင့်ပင်။ ဒီနေရာတွင်မနေပါစေဦးတော့။ ခဏတာမျှဤနေရာတွင်လာတည်းခိုလို့ရမည်ဟုသူတွက်ထားမိသည်။

သူ၏အိမ်အစစ်အမှန်မှာ ဆေးရုံအခန်းကျဥ်းလေးပင်။ တကယ်တော့ မိသားစုရှိနေသောနေရာသည်သာအိမ်ဟုသတ်မှတ်၍ရနိုင်သည်ကိုး။

သူတံခါးပေါက်ကနေခရီးဆောင်အိတ်ကိုသယ်ထုတ်ပြီးဖုန်းထဲကတက္ကစီခေါ်လို့ရသည့်appကိုဖွင့်လိုက်၏။ လမ်းထိပ်ကိုလှမ်းကြည့်တော့လမ်းကပိတ်နေသည်။

သူသေချာကြည့်မိတော့ ရင်ထဲလေးလံသွား၏။

စုန့်ချီကလူလေးယောက်ကိုခေါ်လာပြီးသူ့လမ်းကိုပိတ်ရပ်နေသည်။ စုန့်ချီ၏မျက်နှာထက်တွင်မနေ့ကရသောဒဏ်ရာများပင်အကင်းမသေသေးချေ။ ပတ်တီးရာများပရပွနှင့်ရှိနေချေ၏။

"ယိုး အရမ်းသတ္တိရှိတာပဲ။ အပြင်ထွက်လာရဲတယ်ပေါ့။မင်းကိုငါအကြာကြီးစောင့်နေတာ''
စုန့်ချီကပြီတီတီပြောလာ၏။

ပိုင်ယန်လည်းဖုန်းကိုအမြန်သိမ်းလိုက်လေသည်။

သူ့အဖေပေးခဲ့သောဖုန်းကျကျိုးကြေသွားပြီ။ ဒါပေမယ့် အခုရှောက်ချန်ပေးထားသောဖုန်းလေးကိုထပ်အပျက်စီးမခံနိုင်တော့ပါ။

သူ့အမူအရာကိုကြည့်ရင်း စုန့်ချီကဒေါသတကြီးဆို၏။
"အံ့သြစရာပဲ။ မနေ့ညကတစ်ခုပျက်သွားတယ်။ ဟော အခုပဲ နောက်တစ်ယောက်ကဖုန်းအသစ်ဝယ်ပေးလိုက်တယ်ပေါ့လေ?''

Affection[Complete]Where stories live. Discover now