၃၉(U+Z)

12K 1.4K 23
                                    

Unicode

ရှောက်ချန်နှင့်အန်တီဖန်းတို့ကျေးဇူးကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ ပိုင်ယန်၏ဒဏ်ရာများသက်သာစပြုလာသည်။ သို့ပေမယ့် သူ့အတွက်စိတ်ပူပန်စရာကိစ္စတစ်ခုပေါ်လာလေသည်။

ပိုင်ထောင်း၏ခွဲစိတ်ဖို့ရက်ချိန်းကလာမည့်နှစ်ပတ်အတွင်းတွင်ဖြစ်၏။

ဒီတစ်ခါပိုင်ယန်က တာဝန်ကျဆရာဝန်နှင့်သေချာဆွေးနွေးပြီးမှ မိသားစုခွင့်ပြုချက်နေရာတွင်လက်မှတ်ရေးထိုးလိုက်တော့လေသည်။

သို့ပေမယ့် တကယ်ခွဲစိတ်မည့်နေ့ရောက်တော့ သူအတော်လေးစိတ်ပူပန်နေလေသည်။

သူနာပြုကပိုင်ထောင်း၏ကုတင်လေးကိုခွဲခန်းထဲတွန်းသွားပေးတော့ သူမသိလိုက်မသိဘာသာနှင့်ကုတင်အစွန်းလေးကိုဆွဲထားမိသေးသည်။ သူအတော်လေးစိတ်ဂဏှာမငြိမ်ဖြစ်နေရှာ၏။

သူနာပြုဆရာမကလှည့်ကြည့်လာ၍ ရှောက်ချန်ကပိုင်ယန်၏လက်လေးကိုအသာကိုင်လိုက်ပြီးအားပေးလိုက်သည်။
"အဆင်ပြေသွားမှာ''

ဒီစကားစုလေးကအလွန့်အလွန်ကိုရိုးရှင်းပေမယ့်ပိုင်ယန်အတွက် လုံးဝစိတ်သက်သာရာရစေ၏။ ပိုင်ယန်လည်းလက်ကိုလွှတ်လိုက်ပြီးခွဲခန်းထဲပိုင်ထောင်းဝင်သွားသည်အထိလိုက်နေမိသည်။ ပြီးနောက် ခွဲခန်းအရှေ့က ထိုင်ခုံတန်းလေးတွင်အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။

"ကျွန်တော့်မှာအဲ့မိသားစုဝင်လေးတစ်ယောက်ပဲကျန်တော့တာ...''
ပိုက်ယန်ကလက်သီးဆုပ်လေးကိုနဖူးတွင်ဖိကပ်ထားပြီးမျက်ဝန်းများကိုမှိတ်ချကာဆိုလိုက်သည်။
"သူဘာမှဖြစ်လို့မရဘူး''

ရှောက်ချန်ကဘာမှမပြောဘဲ ပိုင်ယန်၏ကျောလေးကိုအားပေးသလိုအသာပုတ်ပေးလိုက်လေသည်။

ပိုင်ယန်ကရှောက်ချန်ကိုကျေးဇူးတင်နေသောမျက်ဝန်းများနှင့်မော့ကြည့်လိုက်ပြီး-
"ကျွန်တော်နဲ့လိုက်လာပေးလို့ကျေးဇူးတင်ပါတယ်။ ခင်ဗျားစောစောပြန်နားလိုက်လေ။ ကျွန်တော်ပဲဒီမှာစောင့်နေလိုက်မယ်''

ရှောက်ချန်က သူ့ကိုအချိန်ပြည့်နီးပါးဆေးရုံတွင်အဖော်ပြုပေးလေသည်။ ဆရာဝန်များတောင်မှသူတို့ပူးကပ်နေသည်ကိုသိချင်စိတ်နှင့်ကြည့်သွားသေးသည်။ရှောက်ချန်ကသူနှင့်သူ့ညီမလေးအပေါ်အရမ်းကောင်းလွန်းသည်။ ခွဲစိတ်မှုမှာ အကြီးစားခွဲစိတ်မှုဖြစ်၍ဆယ်နာရီမျှကြာလေသည်။ ညရောက်နေပြီဖြစ်၍တစ်ဖက်လူကိုသူအားနာလှသည်လေ။

Affection[Complete]Where stories live. Discover now