၁၀(U+Z)

10.7K 1.6K 36
                                    

"ခလွမ်း''

မြေပြင်ပေါ်သို့ ကြွေပန်းကန်တစ်ချပ်ကျကွဲသွားသံကြောင့် မန်နေဂျာကအလျင်အမြန်ရောက်လာပြီးဆူတော့သည်။
"ပိုင်ယန် မင်းဘယ်လိုဖြစ်နေတာလဲ။ ဒီရက်ပိုင်းပန်းကန်ဘယ်နှချပ်ခွဲပြီးသွားပြီလဲ''

"ကျွန်တော်တောင်းပန်ပါတယ်....''
ပိုင်ယန်က ခေါင်းလေးငုံ့လိုက်ပြီးတောင်းပန်လိုက်သည်။ သူ့ပုံစံကနည်းနည်းစိတ်လွတ်နေသည့်ပုံပေါက်နေလေသည်။

ဆိုင်မန်နေဂျာလည်း ယခင်ကသူအလုပ်ကောင်းကောင်းလုပ်ခဲ့သည်ကိုထောက်ရှု၍ ဘာမျှသိပ်မဆူတော့ပေ။
"မင်းနေမကောင်းရင် စောစောပြန်နားလိုက်။ မဟုတ်လို့ ပန်းကန်ထပ်ကွဲရင်မင်းလစာဘာမှမကျန်ဘဲနေလိမ့်မယ်''

ပိုင်ယန်လည်းထိုသို့တွေးမိသောကြောင့် ခွင့်တစ်ရက်ယူပြီးပြန်ခဲ့လိုက်သည်။ အိမ်ပြန်ရောက်တော့ ဘာမှလုပ်စရာရှိမနေသောကြောင့် ခဏလောက်ထိုင်နေလိုက်သည်။ စိတ်ကလည်းဗလာကျင်းနေကာ ထိုနေ့ကအကြောင်းများကိုသာပြန်တွေးနေမိ၍ အမြန်ထရပ်လိုက်ပြီး ဆေးရုံသို့လာလိုက်လေသည်။

ဆေးရုံခန်းတစ်ခုလုံးကတိတ်ဆိတ်နေပြီး စက်ကိရိယာအသံများနှင့်သာပြည့်နေ၏။ ညီမလေး၏လက်ကိုဆုပ်ကိုင်ပြီးသူ့ပါးနှင့်ကပ်ထားမိသည်။ ကိုယ်ငွေ့နွေးနွေးလေးရနေလျှင်သူစိတ်သက်သာရာရသောကြောင့်ပင်။

"ထောင်းထောင်းအာ မင်းကိုကြီးအသည်းကွဲနေတယ်ကွ....''

ပိုင်ထောင်းမှာဘာမျှပြန်မပြောလေသောကြောင့် သူဖာသာပဲဆက်ပြောနေမိ၏။
"မဟုတ်သေးပါဘူး။ သူက ကိုကြီးကိုအစကတည်းကမှမကြိုက်တာပဲလေ။ အသည်းကွဲတယ်လို့တောင်သတ်မှတ်လို့မရဘူး....''

"သူ့ကို ကိုကြီးမသိစေချင်ခဲ့တာကို ခုသူသိသွားပြီ....''

ပထမနှစ်တက်တုန်းကနေ့ရက်များသည် ပိုင်ယန်၏ဘဝတွင် အမှောင်မိုက်ဆုံးနေ့ရက်များပင်။

ထိုအချိန်က သူသည်မိဘများဆုံးပါးသွားသောဝမ်းနည်းပူဆွေးမှုကိုလည်း ခံစားနေရသေးသည်သာမက ညီမလေး၏ဆေးဖိုးကလည်းသူအပေါ်ဝန်ပိနေသေးသည်လေ။ စတုရန်းမီတာ၁၀၀လောက်ကျယ်ဝန်းသောအိမ်ကိုရောင်းပစ်လိုက်ရပြီး စတုရန်းမီတာ၁၀လောက်မျှသာကျယ်သော တိုက်ခန်းကျဥ်းကျဥ်းလေးထဲတွင်ပြောင်းနေလိုက်ရသည်။
တစ်နေ့ ထမင်းတစ်နပ်ပင်မှန်အောင်မစားနိုင်ဘဲ အိပ်လည်းကောင်းကောင်း မအိပ်ရပေ။ တက္ကသိုလ်က သူ့အပေါ်စာနာသောအားဖြင့်ထောက်ပံ့ငွေပေးလေသည်။ ထိုစဥ်အခါမှစ၍ သူသည်တက္ကသိုလ်တွင်အဆင်းရဲဆုံးကျောင်းသားဖြစ်သွားပြီး အများစုမှာသူ့ကိုစာနာသနားကြသည်။ သို့သော်လည်း တချို့တချို့သောသူများမှာမူ သူအပေါ်စာနာစိတ်မရှိသည့်အပြင် မြေနိမ့်ရာလှံစိုက်ချင်ပြီးအနိုင်ကျင့်ကြသည်။

Affection[Complete]Where stories live. Discover now