"ကိုမိုးသောက် ထပါဦးဗျ ထ ထ"
"ဟမ် အမ်း ဘာလို့လဲ"
မိုးသောက် အသိစိတ်က လုံးလုံးလျားလျားမနိုးကြားနိုင်။ ညက မိုးတွေမိလာတာရော၊ အရည်တွေမော့ခဲ့တာရောနဲ့ အသိစိတ်အာရုံတစ်ခုလုံး နာကျင်ထုံခဲနေ၏။ မျက်လုံးကို မနည်းအားယူဖွင့်ကြည့်လို့ မှုန်ဝါးဝါးမြင်ရသူက ဝဏ္ဏပင်။
လိုက်ကာကြား တိုးဝင်နေတဲ့နေရောင်ကိုကြည့်ခြင်းဖြင့်အချိန်က မနည်းတော့ပါ။ ဒီလိုဆို နှိုးစက်သံဘာလို့မမြည်သလဲ။ မိုးသောက် အလုပ်ပဲနောက်ကျနေသလား။ ရုတ်တရတ် နိုးကြားသလိုဖြစ်သွားပေမယ့် လူက ထထိုင်မိတာနဲ့ သတိရတာ ဒီနေ့က တနင်္ဂနွေနေ့။ တနင်္ဂနွေနေ့ဆို မိုးသောက်တို့ရုံးပိတ်ပြီး ဘာအလုပ်ကိစ္စမှမပြောကြ၊ မကိုင်ကြ။ စိတ်ရော လူပါအပြည့်အဝအနားယူရေးသည်လည်း မိုးသောက် ကြပ်မတ်ထားတဲ့စည်းကမ်းထဲကတစ်ခုပင်။ မိုးသောက်တို့အလုပ်က လူနောက်လိုက်ပြီး စိတ်ဖြင့်ခံစားပေးရသည့်ရာခိုင်နှုန်းများတဲ့အလုပ်တစ်ခုပင် မဟုတ်လားလေ။
မိုးသောက်နေတဲ့ ကွန်ဒိုမှာပဲ အခန်းအပို ၃ခန်းပါတာမို့ အိမ်ပိုင်မရှိသေးတဲ့လူတွေကို စနစ်တကျချမှတ်ထားသည့်စည်းကမ်းတို့နဲ့ နေစေရသည်။ အခု ဝင်လာတဲ့ ဝဏ္ဏကတော့ မိုးသောက်ရဲ့ ကိုယ်ရေးကိုယ်တာ မန်နေဂျာတစ်ပိုင်းလို့ပင်ပြောရမည်။
"ဘာဖြစ်တာလဲ ဝဏ္ဏ။ တနင်္ဂနွေနေ့ကြီးကို"
"လုံခြုံရေးခန်းက ဖုန်းဆက်လို့ ကိုမိုးသောက်။ အောက်မှာ ဧည့်သည်ရောက်တယ်တဲ့။ ကိုမိုးသောက် ဖုန်းပိတ်ထားလို့လို့ပြောတယ်"
"ဧည့်သည်က ဘယ်သူကြီးတုန်း"
ဘယ်လောက်ထိ အရေးကြီးကိစ္စဖြစ်နေပါစေ တနင်္ဂနွေနေ့တစ်ရက်ကို မိုးသောက် ဘာအလုပ်မှမလုပ်ကြောင်း client အားလုံးနီးပါးသိကြသည်ပဲ။ ပြီးတော့ ကိုယ်ရေးကိုယ်တာတွေ့စရာဘာညာဆိုတာလည်း ကိုသီဟတို့အပြင်မရှိ။ အခုက ဧည့်သည်ဆိုတော့။
"ကျွန်တော် ဆင်းလိုက်ရမလား။ အစ်ကိုလည်းဘာမှ မမှာထားတော့ အရေးကြီးဧည့်သည်ဖြစ်နေမှာစိုးတာနဲ့"
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA