"တစ်ယောက်ထဲ ဘယ်လိုဖြစ်လို့ ဒီဘက်ထိ ရောက်လာရတာလဲ"
ကိုဦးဆောင်အမေးကို အပြုံးဖြင့်သာတုန့်ပြန်လိုက်ရသည်။ ခင်မင်လာကြတာလည်းနှစ်တွေကြာပြီဖြစ်လို့ သူက မိုးသောက်အပြုံးကို အဓိပ္ပါယ်နားလည်စွာဖြင့် နှုတ်ဆိတ်သွား၏။ မိုးဖွဲဖွဲဟာ ကားအလင်းမီးတို့အောက်မှာ ဝေဝါးစွာ။ အချိန်လက်တံတို့က ကိန်းဂဏန်းအမြင့်တို့ဘက်ရွေ့လျားပြီးဖြစ်လို့ ညဟာအမှောင်ထုထဲ လုံးလုံးလျားလျားကျရောက်ပြီးချိန်လည်းဖြစ်သည်။
"မိုးသောက် အဲ့မှာရှိနေတယ်ပြောတော့ အစ်ကိုနဲဲ သီဟလည်း ပြန်တော့မယ့်အချိန်လေ"
"ကျွန်တော့်ကြောင့် သပ်သပ်ကြီးလာလိုက်ရပြီဗျာ"
"မဟုတ်တာ။ အစ်ကို ပြောချင်တာက အချိန်ကွက်တိဖြစ်သွားတယ်လို့ပါ။ အစ်ကိုတို့က အားနာနေရမယ့်လူတွေ မဟုတ်ဘူးမလား။ အစ်ကိုသာ ဒီလိုအခြေအနေဆိုရင်လည်း ကလေးလေး လာခေါ်ပေးမှာပဲလေ"
"ကျွန်တော့်အိမ်ပြန်ဖို့က မိုးအရမ်းချုပ်ရင် ကားကြပ်တယ်လေ။ အစ်ကို့ဆီ grab တော့ လွှတ်ပေးနိုင်မှာပါ"
မိုးသောက်စကားကို တဟားဟားဖြင့် အားရပါးရရယ်၏။
"တအား ပြတ်သားတာနော်။ ဒီဦးလေးကြီးကို နည်းနည်းမှ မညှာဘူး ရှယ်ဖဲ့တာဗျာ။ မိုးသောက်ရောင်နီက ဂျစ်တူးလေးပဲ"
မိုးသောက် သူနဲ့လိုက်ရယ်နေရင်း မျက်နှာလွှဲလိုက်ရသည်။ အခေါ်အဝေါ်တွေဟာ မိုးသောက် အာရုံထဲ ပြေးလွှားခုန်ပေါက်နေကြသလိုပင်။ ညခင်းတစ်ခုထဲအောက်မှာပဲ ပုဇွန်တောင်မှာရှိခဲ့သည့်တစ်ယောက်ဟာ မိုးသောက်ကို ဂျစ်တူးလို့ စွပ်စွဲခဲ့ပြီး အိမ်ပြန်လိုက်ပို့နေသည့် နောက်တစ်ယောက်ဟာလည်း မိုးသောက်ကို ဤအခေါ်အဝေါ်နဲ့ပဲ ကျီစယ်နေရင်း။ ရည်ညွှန်းရာ စိတ်ထားနှင့်ခိုင်းနှိုင်းသုံးစွဲရခြင်း ရည်ရွယ်ချက်မှာကွဲပြားသလို အပြုသဘောဆောင်ခြင်းနှင့် အပြုသဘောမဟုတ်ခြင်းမှာလည်း ခြားနားစွာပင်။ မတူညီတဲ့ ဒီလူနှစ်ယောက်ရဲ့ အပြုံးတို့ဟာလည်း အနက်အဓိပ္ပါယ်တို့ နည်းနည်းလေးမှ မသက်ဆိုင်ကြပါဘဲ။ ငြိမ်သွားတဲ့ မိုးသောက်ကို ငဲ့ကြည့်ပြုံးတဲ့ ကိုဦးဆောင်ကို မိုးသောက် သတိမထားမိဘဲ မရှိပါ။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA