မိုးသောက်ကိုကားထဲထိုးထည့်မောင်းထွက်လာပြီး ရပ်ပစ်လိုက်သည့်နေရာက ကန်တော်ကြီးပတ်လမ်းမှာဖြစ်သည်။ ထွက်ပေါက်နှင့်အလှမ်းမဝေးတော့သည့်နေရာဖြစ်ကာ ကားရပ်လိုက်ဖို့အဆင်သင့်နေ၏။ ကုက္ကိုပင်တွေအုပ်ဆိုင်းနေတာက ညနေခင်းအမှောင်ထုကို အားဖြည့်နေကြသည်။ ကားပေါ်ကဆင်းသွားပြီး ခါးထောက်မတ်တပ်ရပ်လျက် ကျောပေးထားသည့်ပုခုံးပေါ်မှာ ဒေါသတွေခုန်ပေါက်နေကြသည်ထင်။ မိုးသောက်လည်း ကားပေါ်ကဆင်းလိုက်ပေမယ့် သူ့အနား တိုးမသွားဖြစ်။
မိုးသောက်ဆီလှမ်းလာသည့်ခြေလှမ်းတို့ဟာ တစ်စုံတစ်ခုကိုနင်းခြေဖျက်ဆီးပစ်ချင်နေပုံနှင့်ပင် တူနေလေသည်။
"ဘာဖြစ်နေလဲမေးတော့ မပြောဘူး။ စိတ်မရှည်ဖြစ်တော့ မင်းကိုကွက်ပြီး မကြည်လင်ဘူးဖြစ်ရတယ်။ ငါ ဒီလောက်စိတ်ရှည်လက်ရှည်နဲ့ ဒေါသထွက်နေတာ မင်းပဲရှိတာနော် မိုးသောက်ရောင်နီ"
"အရေးမကြီးတဲ့ကိစ္စတွေမလို့ပါ။ ကိုသားငယ် စိတ်ထဲထည့်စရာမလိုပါဘူး"
"အရေးကြီးမကြီးကို ငါဆုံးဖြတ်မယ်"
ဘာဆိုင်လို့လဲ ထပ်မေးရင် သူ့ဒေါသတွေအဓွန့်ရှည်တည်တံ့ရဦးမည်။ ခံစားချက်မပါကြေးလို့ သတ်မှတ်ထားမိကြသည့်စကားတွေဟာ သည်နေရာတစ်ခုမှာပဲ ဝေ့လည်နေကြကာ လက်တွေ့ကိုမသိကျိုးကျွံပြုချင်နေမိကြတာပါပဲ။ ဒီထပ်ပိုပြီးလည်း မဆုတ်သာမတိုးသာအခြေအနေမှာ ရပ်မနေချင်။ သူ ဘာတွေတွေးနေသလဲ သိလိုရင်းကို မေးမှဖြစ်တော့မည်။
ကားကိုမှီထားရင်ပဲ မိုးသောက် သူ့ကိုမျက်နှာလွှဲလိုက်မိကာ...
"ဒီနေ့ ရတီမြင့်မိုရ်နဲ့ တွေ့ခဲ့တယ်"
"ဟွန်း သူကလာတွေ့တာပဲနေမှာပေါ့"
"ကိုသားငယ် သူနဲ့တကယ်လက်ထပ်မလို့လား"
"ပြောပြီးပြီလေ မိဘကစီစဥ်ရင်တော့ ဘယ်တတ်နိုင်မလဲလို့"
"ကျွန်တော် စီစဥ်ပေးနေတဲ့အချိန်တုန်းကကျ ကိုသားငယ် ဘာပြောခဲ့လဲ။ အိမ်ထောင်ရေးဆိုတာ တကယ်လက်ထပ်လိုက်မယ့်အချိန်မှစတာဆို။ အပေါ်ယံနဲ့ချည်ထားတဲ့ရုပ်ဒြပ်တွေနဲ့ပဲ လူတစ်ယောက်ကို ပေါင်းသင်းသွားဖို့ မဖြစ်နိုင်ဘူးလို့ ကိုသားငယ်ပဲပြောခဲ့တာ"
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA