"ရတီ့ကို သီးသန့်ကြီးအချိန်ပေးခိုင်းရတာ အားနာပါတယ် ကိုမိုးသောက်ရယ်"
"ရတယ် မရတီ။ ကျွန်တော်လည်း စကားပြောချင်နေတာပါ"
ရေခဲရိုက်သားအဖြူခံကိုမှ အပွင့်နုပ်နုပ်လေးတွေပါသည့် မြန်မာဝမ်းဆက်ဖြင့် ရတီမြင့်မိုရ်မျက်နှာက တည်တည်ငြိမ်ငြိမ်ဖြစ်သည်။ ငါးရိုးကျစ်ဆံမြီးကို ပုခုံးတစ်ဖက်ချထားတာဖြစ်လို့ ကျက်သရေရှိမှုက နုပျိုမှုထဲထပ်လောင်းပါဝင်၏။ ဒီနေ့က တတိယမြောက်ဒိတ်ဖြစ်ပြီး ရတီမြင့်မိုရ်သွားချင်သည်ဆိုတဲ့ Sule Gallery က ဓါတ်ပုံပြခန်းကိုသွားကြည့်ဖို့ ချိန်းဆိုထားကြတာဖြစ်သည်။
ဒီနေ့တော့ ဒိတ်မတိုင်ခင် မိုးသောက်နဲ့အရင်တွေ့ချင်ပါသည်ဆိုတဲ့ ရတီမြင့်မိုရ်ကြောင့် Sule Gallery နဲ့မလှမ်းမကမ်းမှာရှိတဲ့ Cafeteria တစ်ခုမှာ ဝင်ထိုင်ဖြစ်ကြ၏။ မိုးသောက် ကားလေး ခုတလော ချူချာလိုက်နေတာဖြစ်လို့ တက္ကစီနဲ့ပြေးလာခဲ့ရသည်။ ဒီရောက်တော့ ရတီမြင့်မိုရ်က ရောက်နှင့်နေပြီ။
"ကိုမိုးသောက်နဲ့က လိုင်းပေါ်ကနေ ပြောဖူးပေမယ့် ရတီတို့အပြင်မှာတော့ သေသေချာချာစကားမပြောဖြစ်ကြသေးလို့လေ"
"ဟုတ်တယ်။ တွေ့ဖို့ကို ကျွန်တော့်ဘက်ကအရင်စီစဥ်လိုက်ရမှာကို။ ကျွန်တော့်လိုအပ်ချက်ပါ မရတီ"
"မဟုတ်တာ။ မေမေတို့တောင်းဆိုတဲ့အတိုင်းပဲ ကိုမိုးသောက် စီစဥ်ပေးရတယ်ဆိုတာ ရတီသိပါတယ်။ အခုကလည်း လူကြီးတွေပြောထားတာတွေကို ကျော်ပြီး ကိုမိုးသောက်ကို နားပူချင်တာမျိုးလည်း မဟုတ်ရပါဘူး"
ရတီမြင့်မိုရ်တို့အိမ်ဘက်က တစ်သက်လုံးပျိုးထောင်လာခဲ့ရတဲ့ တစ်ဦးတည်းသောသမီးနဲ့ပတ်သက်လို့တော့ မျှော်လင့်ချက်တွေကြီးကြတာ အမှန်ဖြစ်သည်။ မိုးသောက်ကိုအလုပ်အပ်ခဲ့ပေမယ့် ရတီမြင့်မိုရ်နဲ့နှစ်ဦးထဲစကားပြောဆိုတွေ့ဆုံဖို့ကို သီးသန့်ကန့်သတ်ခဲ့၏။ အခု မိုးသောက်ကိုချိန်းတယ်ဆိုတာကလည်း ရတီမြင့်မိုရ်မိဘတွေမသိတာတော့ သေချာသည်။ ရတီမြင့်မိုရ်က နှစ်ဆယ်ကျော်စွန်းစ လူငယ်ပီပီ အမူအရာတွေသွက်သည်။ ပြုံးလိုက်၊ တည်လိုက်မျက်နှာဟာ မည်သို့သောစိတ်ခံစားချက်တို့ကိုမှ ဖုံးကွယ်လိုဟန်မရှိပါ။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA