အပူချိန် ၁၅ ဒီဂရီဆဲလ်စီးရပ်စ်။ နှင်းမကျသေးပေမယ့် အအေးဓါတ်ဟာ ခန္ဓာကိုယ်ထဲ တစိမ့်စိမ့်စီးဝင်ခိုက်နေစေသည်။ ပေါင်လယ်တစ်ဝက်ထိရောက်တဲ့ လောင်းကုတ်ဟာ နှလုံးသားအထိတော့ နွေးထွေးမနေစေ။ အစဉ်သဖြင့် အေးစက်တတ်နေသည့်လက်ဖဝါးများကို လက်အိတ်မဝတ်ထားဖြစ်ပါ။
အိပ်မရသည့်မျက်ဝန်းများ ကျိန်းစပ်နေကြ၏။ ပဲရစ်ကိုခြေချလိုက်ရတည်းက စိတ်ဟာအနာဂတ်ရဲ့နာရီ၊ မိနစ်တွေပေါ်သာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။ နောက်မကြာတော့တဲ့အချိန်အပိုင်းအခြားအတွင်းမှာ ဘဝရဲ့အတောင့်တဆုံးသူ၊ အလိုအပ်ဆုံးသူကို တွေ့ရတော့မည့်အဖြစ်က ခြေလှမ်းတွေကို မရပ်နားစေနိုင်။ Airbnb ကငှားထားသည့်အခန်းဝရန်တာမှတဆင့် အီဖယ်တာဝါကိုမြင်ရသည့်မြင်ကွင်းကိုပင် မင်သက်ရှုမောမနေနိုင်။
အခန်းထဲအထုပ်အပိုးတွေပစ်ချကာ မြူခိုးတွေလွှမ်းမိုးအုပ်ဆိုင်းနေသည့် ပဲရစ်နံနက်ခင်းထဲတိုးဝင်လာခဲ့ရသည်။ နှလုံးသားခုန်လှုပ်နေပုံက ကိုယ်တိုင်သတိထားမိလောက်သည်အထိ နှိုးကြားလှုပ်ရှားနေသည်။ ဖွင့်ဟဝန်ခံလိုခြင်းပါသလို၊ တောင်းပန်လိုခြင်းများဖြင့်လည်း ပြည့်သိပ်နေသည့်စကားလုံးများနှင့် ခံစားချက်များကို ထမ်းပိုးလာခဲ့ရသည်။
ကုတ်အင်္ကျီထဲက လိပ်စာရေးထားသည့်စက္ကူခေါက်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဆိုက်ဆိုက်မြိုက်မြိုက်ရပ်လာသည့် Tram ပေါ်တက်လိုက်ရသည်။ (Tram = ဓါတ်ရထား)
Tram မှာ ထိုင်ခုံနေရာရပေမယ့် တံခါးနှင့်ကပ်လျက်နေရာမှာ ကျောမှီရင်းပဲ အပြင်မြင်ကွင်းတွေကို ငေးမိ၏။ လွန်ခဲ့သည့်ဆယ်နှစ်ဝန်းကျင်က ရောက်ခဲ့သည့်ပဲရစ်ဟာ အိနြေ္ဒကြီးစွာနဲ့ကြိုဆိုနေဆဲ။ မငြိမ်သက်နိုင်တာတော့ ဦးစီးရဲ့စိတ်တွေပဲဖြစ်သည်။ ချာတိတ်ကဦးစီးကိုမြင်ရင် ဘယ်လိုတုန့်ပြန်မှာလဲ စဉ်းစားမရ။ အချစ်တွေကိုရပ်ပြီး မုန်းပစ်တော့မှာလို့ ကြွေးကြော်ခဲ့သူဟာ ဦးစီးခြေရာခံလို့မရသည့်နေရာအထိ ထွက်ပြေးလာခဲ့တာ။ တကယ်ကို အဝေးကြီးပါ။ သည်နေရာကိုခြေချခွင့်ရဖို့ ပြေးလွှားလှုပ်ရှားခဲ့ရပြီး ယာဉ်အမျိုးမျိုးဖြင့် အရောက်နှင်ခဲ့ရသည်။
CITEȘTI
Falling In Love With The Red Flag Guy
DragosteLove doesn't exist, Just exist YOU VICE VERSA