အိမ်ကိုရောက်လာကြသည်ဆိုပေမယ့် သူ့မိသားစုအိမ်ကိုတော့ မဟုတ်ပါ။ တောင်ဥက္ကလာမှာရှိသည့် သူ့ကွန်ဒိုကိုဖြစ်သည်။ အိမ်ပြန်ချင်တယ်ဆိုသူက အိမ်ကိုမပြန်ဘဲ ကိုယ်ပိုင်အခန်းကိုရောက်လာသည်ဆိုတည်းက တစ်ကိုယ်တည်း တိတ်ဆိတ်မှုကို လိုချင်နေတာ သိသာပါသည်။ မျက်နှာကဖြူဖျော့စွာနဲ့ ခြေလှမ်းတွေဟာ မသွက်လက်။ ကားပေါ်ကဆင်းတည်းက မိုးသောက် သူ့လက်မောင်းကိုတွဲလိုက်တာကို မငြင်းပါ။
သူက ဧည့်ခန်းက ခုံတစ်ခုမှာ သက်သောင့်သက်သာ မှီထိုင်သည်။ မိုးသောက် စိတ်ပူနေတာကိုပဲ နှစ်သိမ့်ချင်သလားမသိ သူ့နှုတ်ခမ်းတို့ အင်အားချိနဲ့စွာ ပြုံးရိပ်တင်နေဆဲ။
"တီဗီဘေးက အံဆွဲထဲမှာ bioflour အထုပ်လေးတွေရှိတယ်။ ကိုယ့်ကို အဲဒါလေးယူပေးမလား"
"ဟုတ် ဟုတ်"
မိုးသောက် ပြန်ဖြေရင်း အံဆွဲကလေးဆီပြေးပြီး ချက်ချင်းဆွဲဖွင့်ပစ်လိုက်သည်။ ဓါတ်ဆားထုပ်အဖြူတွေလည်း ဘူးလိုက်ရှိ၏။ ပြီးတော့ အစာကြေဆေးမျိုးစုံဟာလည်း အံဆွဲထဲအပြည့်။ အထုပ်ကိုယူလိုက်ပြီး ရေခဲသေတ္တာထဲက ရေတစ်ဘူးဆွဲထုတ်ပြီးမှ ရေနဲ့ဆေးကို သူ့လက်ထဲထည့်ပေးရသည်။ ဆေးထုပ်ကို ပါးစပ်ထဲအကုန်မော့ပစ်လိုက်ပြီးမှ ရေနည်းနည်းသောက်ပြီး ခေါင်းကိုမော့ထားပုံမှာ မိုင်တစ်ရာပြေးပွဲဝင်လာသူလို ဖြူဖျော့နေ၏။ သွေးရောင်ပြေပြေလွှမ်းနေတတ်သည့် လက်ချောင်းတို့ဟာလည်း အရောင်ကင်းမဲ့နေကြသည်။ ပြီးတော့ ခဲကာစရေခဲတုံးလို အေးစက်နေတာကို သူ့ကိုတွဲလာတဲ့တလျှောက်လုံး မိုးသောက် ခံစားမိခဲ့ရသည်။
"အခန်းထဲမှာ လှဲပါလားဗျ ကိုဦးစီး"
သူကဆိုဖာနောက်မှီပေါ် ခေါင်းတင်ထားလျက်နဲ့ မျက်လုံးတွေဖွင့်ကြည့်သည်။
"လန့်သွားတာလား"
မိုးသောက် မဖြေနိုင်။ ခေါင်းခါလိုက်ရသည်။ လန့်သွားတယ်ဆိုတာထက် သူ့အပေါ် မတရားသလိုခံစားရခြင်းက ရင်ထဲမှာမွှေ့လှည့်နေ၏။ ဝေဒနာဖြစ်တဲ့အထိ ဟန်ဆောင်ကောင်းသူကို စိတ်ဆိုးရမလား။ ဒီအခြေအနေရဲ့ ပဲ့ကိုင်သူဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဆိုးရတော့မလား။
VOUS LISEZ
Falling In Love With The Red Flag Guy
Roman d'amourLove doesn't exist, Just exist YOU VICE VERSA