"တောင်းပန်ပါတယ် ဦးရယ်၊ ကျွန်တော် မှားသွားတာပါ။ ကျွန်တော်မှားတာ။ ဦးကို သဝန်မတိုခဲ့သင့်ဘူး။ ဒီတစ်ကြိမ်တော့ ဒီတစ်ကြိမ်တော့ ဦးကပဲ နားလည်ခွင့်လွှတ်ပေးပါနော်... နော် ဦး"
တောင်းပန်တိုးလျှိုးနေသူမှာ ပါးပြင်နှစ်ဖက်မျက်ရည်အပြည့်နှင့်ပင်။ ဖြူသောအသားမှာ ဆိုးဆေးနီနီပက်ဖြန်းလိုက်သလို ရဲတွတ်နေပေ၏။ ဆံပင်ပုံစံက အခုခေတ်ကောင်လေးတွေကြား လူကြိုက်များသည့် wolf cut ကေနဲ့ဖြစ်ပြီး ပေါင်မှာကြောင်ခြစ်လိုအပြဲသေးသေးလေးတွေပါသည့် ဘောင်းဘီဖြူကို ဂျက်ကက်အဖြူပွပွနဲ့ တွဲဖက်ဝတ်ဆင်ထားခြင်းပင်။ ဝတ်ထားတဲ့အဖြူတွေကြောင့်ပဲ ငိုနေတဲ့မျက်နှာပိုပြီးနီမြန်းသွားသလား။ ဝမ်းနည်းပက်လက်ဖြစ်နေပုံမှာတော့ နင့်နင့်သီးသီး။ မျက်ရည်တွေကိုလက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တဲ့အခါ ဆယ်ကျော်သက်ဖြစ်တည်မှုလေးက ပိုပီပြင်သွား၏။
ငိုနေသူနှင့် ဆန့်ကျင်စွာ ကားမောင်းသူဘက်ကတံခါးကို မှီရပ်နေသူမှာ အဖြူရောင်စတိုင်ပန်ထဲ လက်နှစ်ဖက်ကိုထည့်ထားလျက်သား။ ရှပ်မှာ အနက်ရောင်ဖြစ်ကာ အလိုမကျသလို စိတ်မရှည်သလို မျက်ဝန်းတွေကို ဘောင်ခတ်ထားသည့်မျက်ခုံးတန်းထင်းထင်းတို့က ခက်ထန်နေကြ၏။ under haircut ညှပ်ထားသည့်ဆံပင်ကို ပုံသွင်းထားပုံက သူ့အရွယ်နဲ့တော့ အထာကျနေတာ မငြင်းနိုင်။ ပိရိသေသပ်သည့်နှုတ်ခမ်းတို့ ကျစ်စုတ်သပ်ပစ်ပုံက တစ်ဖက်လူရင်ကို ထိုးစိုက်ပစ်တဲ့ ဓါးသွားတွေမှန်းမသိတာလား။ ထိုလူရဲ့ မထီမဲ့မြင်အမူအရာတွေက တစ်ဖက်လူရဲ့နှလုံးသားတာတမံကို ထပ်မံချိုးဖျက်လိုက်နိုင်ပုံရပြီး ငိုနေသူမှာ မလိုလားတဲ့ရင်ခွင်ထဲ လုံးနေအောင်ပစ်ဝင်ပြီး ထပ်မံချုံးပွဲချငို၏။
ငယ်ရွယ်သူကောင်လေးမှာ ကိုယ်ခန္ဓာသေးသည့်အထဲမပါ။ အရပ်အမြင့်က အာရှစံနှုန်းအရဆို ၅ပေ ၁၀ ဝန်းကျင်လောက်ရှိနိုင်ပေမယ့် အရပ် ၆ပေမြင့်သည့် တစ်ဖက်လူရင်ခွင်ထဲမှာတော့ ထိုကောင်လေးအချိုးအစားက သေးငယ်သွားသလိုပင်။ ငိုရှိုက်လို့တုန်ယင်နေသည့် ကျောပြင်ကို သိုင်းဖက်ပေးလိုက်သည့်လက်တို့က ကြင်နာမှုကင်းနေတာ သိသိသာသာ။ အေးစက်ငြိမ်သက်နေသည့် မျက်ဝန်းတို့မှာ လည်း ဘာနူးညံ့မှုမှမမြင်ရ။ ဘေးလူအနေနဲ့မြင်ရသည့် မြင်ကွင်းမှာတောင် စိတ်လက်မသက်မသာဖြစ်ရသည့် ခံစားချက်။
ESTÁS LEYENDO
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA