ရေဆေးရဲ့စုတ်ချက်ရောင်တို့ဖြင့် ပြခန်းဟာကြွကြွရွရွကလေး ခမ်းနားနေလေသည်။ လေထုဟာ ပန်းရနံ့ဖျော့ဖျော့တို့စိမ့်ဝင်နေသည့်လေပြည်တို့ မြောလွင့်ခုန်ပေါက်နေကြသလို လတ်လတ်ဆတ်ဆတ်။ရက်သတ္တပတ်အချို့ မှုန်မှိုင်းထုံထိုင်းနေခဲ့သည့် စိတ်အာရုံဟာ သည်မြင်ကွင်း၊ သည်အငွေ့အသက်တို့ကြောင့် ပြန်လည်လန်းဆန်းကြည်လင်သွားရ၏။
မှတ်တမ်းယူမယ့်သတင်းသမားတွေကိုရှောင်ရှားနိုင်ဖို့ ပြခန်းပိတ်ချိန်မတိုင်မီ နှစ်နာရီအလိုကမှ လာခဲ့တာပေမယ့် အငယ်တန်းသတင်းထောက်ဖြစ်ဟန်တူသည့်တစ်ယောက်စ၊ နှစ်ယောက်စတွေ့ရသေးသည်။ လာရောက်ကြည့်ရှုသူတွေကလည်း မစဲနိုင်ပါ။ ပြခန်းရဲ့ထောင့်အကျဆုံးတစ်နေရာမှာ ကပ်တွယ်ရပ်နေသညိ့ မိုးသောက်ကိုတော့ သတိထားမိသူသိပ်မရှိကြ။
"အရောင်တွေအများကြီး ဖမ်းမိခဲ့တယ်" ဆိုသည့် အစ်ကိုဇန့်လက်ရာတွေထဲမှာ ဘာလီကျွန်းရဲ့ရေပြာပြာနှင့် စိမ်းစိုအိစက်နေသည့်ရေညှိရောင်တို့က မျက်စိမလွှဲနိုင်စရာပင်။ ပုံတစ်ခုမှာဆိုလျှင် ပုလဲထွက်သည့် ကမာရောင်အခွံတို့က နေရောင်ဖြန်းလို့ ရောင်စုံဖြာထွက်နေသည်မှာ အသက်ဝင်လှ၏။ ငယ်ငယ်က ရေဒီယိုကလေးနဲ့ ဖေဖေဖွင့်နားထောင်လေ့ရှိသည့် ဦးခင်မောင်တိုးရဲ့ 'မျက်သွယ်'ဆိုသည့်သီချင်းမှာဆို "ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပဲခင်... ဒါကြောင့်သာပင် လည်မှာမဆွဲစမ်းပါနဲ့ ခင်" နဲ့ "မောင့်မျက်ရည်တွေပင် ခင် ဆင်မြန်းလိုသည့် ပုလဲရွှေစင်... ဖြစ်စမ်းစေချင် လည်မှာဆွဲလှည့်ပါလား ခင်" ဆိုသည့် သံစဉ်စာသားက မိုးသောက် အတွေးထဲ ဖြတ်ကနဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဝင်လာ၏။ မဆီမဆိုင်ပါဘဲ ထပ်တွေးမိသွားသူကရော သဘာဝတရားကြီးရဲ့မျက်ရည်တွေကို နှစ်သက်သလား၊ သက်ရှိတွေရဲ့မျက်ရည်တွေကိုရော မုန်းတီးနေတုန်းလား သိချင်မိသွား၏။
ငိုနေတဲ့မိုးသောက်ကို ရင်ခွင်ထဲထည့်ပြီး အနမ်းတွေနဲ့ချော့မြူခဲ့တုန်းကတော့ သူ့မျက်နှာမှာ ဘယ်လိုငြူစူခက်ထန်ခြင်းမှ မရှိ။ မျက်ရည်တွေကိုမုန်းတတ်သူဟာ မျက်ရည်တွေကိုစားသုံးသူလည်း ဖြစ်နေခဲ့ဖူးသည်။ ရောင်စုံအခွံအကာများနှင့် လှပနေတယ်လို့ထင်ရတဲ့ ကမာကောင်လေးဘေးမှာ တန်ဖိုးကြီးမျက်ရည်ပုလဲလုံးတို့ဟာ စီရရီ။ ဒီကားချပ်ဟာ မိုးသောက်ရင်ကို စွဲစွဲမြဲမြဲ ချည်တုပ်နေသလို။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA