စွဲညှို့စိတ်တိုဒေါသဖြစ်ရလွန်းလို့ ခြေဖျားလက်ဖျားတွေပင် အေးစက်တုန်ခါချင်နေသည်။ စိတ်ကိုတင်းပြီး ကျနေတဲ့မျက်ရည်တွေကိုဖြစ်သလိုပွတ်သုတ်ရင်း အသံမထွက်မိအောင် အံပင်ကြိတ်ထားရသည်။
ဂွမ်းစကိုညှပ်နဲ့ညှပ်ပြီးမှ ဆေးရည်ဆွတ်ပြီး အနာမကျက်နိုင်သည့်ကျောပြင်လေးကို ဖွဖွတို့ပေးရသည်။ ဒဏ်ရာအဟောင်းပေါ်မှ ဒဏ်ရာသစ်တွေဟာ မြင်ရက်စရာမရှိပါ။နေထိုင်မကောင်းဖြစ်သွားတာပင် တစ်ပတ်ကျော်။ နာတယ်ကျဉ်တယ်ညည်းညူတာလည်းမရှိသလို၊ ငိုလည်းမငို။ သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်ရောက်လာလို့သာ မောင်လေးဝေဒနာတွေကို စွဲညှို့သိရသည်။ အရင်ကတော့ မိဘတွေရန်ပွဲထဲမှာ မောင်နှမနှစ်ယောက် မျက်နှာငယ်လေးနဲ့ဖက်ငိုပြီး အပြန်အလှန်နှစ်သိမ့်အားပေးနိုင်ခဲ့သေးသည်။ စွဲညှို့ မနှစ်ကကိုးတန်းရောက်ပြီး ဘော်ဒါဆောင်သွားလိုက်တည်းက မောင်လေးတစ်ယောက်ထဲဖြစ်ကျန်နေရ၏။ တကယ်ဆို စွဲညှို့မသွားချင်။ စွဲညှို့မရှိရင် မောင်လေးတစ်ယောက်ထဲ အရာရာခါးစည်းခံရမှာကို သိနေတာတောင်မှ မောင်လေးကိုယ်တိုင် သွားစေချင်လွန်းလို့ စွဲညှို့သွားခဲ့ရသည်။
လူပျိုပေါက်ဖြစ်ပြီးအရွယ်ရောက်လာတဲ့ခန္ဓာကိုယ်နဲ့ မေမေ့ကိုအဆုံးစွန်ဆုံးကာကွယ်ပေးနေခဲ့မှာ မေးကြည့်စရာပင်မလို။ မေးကြည့်လည်း စိတ်ရှည်လက်ရှည်ဖြေသည့် အရွယ်ကလေးမဟုတ်တော့ပါ။ စားချင်သောက်ချင်တာ၊ လိုချင်တပ်မက်တာပင် မပူဆာတတ်တော့အောင် အရွယ်ရောက်သူလေးဖြစ်လာ၏။ အခုလည်း စွဲညှို့ကသာ မျက်ရည်တွေခိုးကျနေတာ သူက အနာကိုဆေးထည့်ရလို့ စပ်တယ်၊ နာတယ်ပြောပြီး တွန့်သွားတာပင်မရှိ။ အင်္ကျီချွတ်လျက်လေးနဲ့ ခြံဝင်းထဲက ဇလပ်ပန်းဖြူဖြူတွေကိုငေးပြီး ခဲခြစ်ပန်းချီဆွဲနေသည်။
"သားငယ်"
"အင်း"
"ဗျာလို့ထူးလေ"
"ဘာပြောမလို့လဲ။ ပြောလေ"
"ဗျာလို့အရင်ထူး"
BINABASA MO ANG
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA