"အစစအရာရာ ဂရုစိုက်ပါနော် ဒကာလေး"
သင်္ဃန်းဖြင့် ကြည်လင်အေးချမ်းနေသည့် မေမေ့ကိုကြည့်ပြီး မိုးသောက်ရင်ထဲငြိမ်းချမ်းရ၏။ ဝမ်းနည်းမှုလက်ကျန်ဟာ ရင်ထဲကပေါက်ကွဲထွက်မလာနိုင်ခင်ပဲ အရှိန်လျော့မှေးမှိန်သွားခဲ့သည်။ မေမေ (သို့မဟုတ်) အခုတော့ ဆရာလေးရဲ့ ခြေဖမိုးကို ဦးခိုက်ကန်တော့လိုက်ရင်း လောကကြီးထဲမှာ တစ်ကိုယ်တည်းရှိရတော့မယ့်အဖြစ်က မိုးသောက်တစ်ယောက်ထဲ ကန္တရသဲပြင်ပူပူထဲ ခရီးထွက်လာရသည့် အဖြစ်နှင့်တူသည်။
ဖေဖေတိမ်းပါးကွယ်လွန်သွားပြီးနောက် တစ်လခွဲမှာပဲ မေမေဟာလည်း သာသနာရိပ်ကို ခြေစုံလှမ်းလိုက်တဲ့အဖြစ်ကို မိုးသောက် ပြောင်းလဲမရ။ ပြောင်းလဲမှုလည်းမပြုချင်ပါ။ မေမေနဲ့ ဖေဖေဟာ သူတို့ကိုယ်တိုင်ချည်နှောင်ခဲ့ကြတဲ့ မေတ္တာရဲ့စစ်မှန်မြဲမြံခြင်းသဘောကို မိုးသောက်နှလုံးသားထဲ ပြည့်စုံလုံလောက်စွာ ပျိုးထောင်တည်ဆောက်ပေးပြီးဖြစ်သည်ဟု မှတ်ယူဆခဲ့ကြပုံရ၏။ ဝေဒနာမရှိစိတ်အေးသက်သာပြင်ဆင်ထွက်ခွာသွားသည့်ဖေဖေ့ကိုရော၊ မိုးသောက်ကို စိတ်ချလက်ချကျောခိုင်းနိုင်သည့်မေမေ့ကိုပါ မိုးသောက်တားနိုင်သည့်အင်အား၊ တားချင်သည့်စိတ်စိုးစဉ်းမျှမရှိဘဲ လက်လွှတ်ပေးခဲ့ပါသည်။
အဲ့တုန်းက မိုးသောက်အသက် ၂၀။ အထီးကျန်ခြင်းဟာ မိုးသောက်အပါးမှာတစ်စိမ့်စိမ့်ခိုဝင်စီးဆင်းနေကြသည့်အအေးဓါတ်လို။ ဖေဖေနဲ့မေမေမရှိတဲ့အိမ်ရဲ့တိတ်ဆိတ်မှုက မိုးသောက်ရဲ့နေ့ရက်တွေကို အမှောင်ထုတစ်ခုလို ဝါးမြိုဖျက်ဆီးချင်နေကြဟန်မျိုး။ မိသားစုစုံစုံညီညီပျော်ရွှင်ဖူးခဲ့တဲ့ပုံရိပ်တွေကြား မိုးသောက်ရဲ့တစ်ကိုယ်တော်နေ့ရက်တွေက အဓိပ္ပါယ်မဲ့လာနေသလိုပင်။
ပျော်ရွှင်ခြင်းကိုရှာဖွေဖို့ ဝါသနာပါရာတွေဟာလည်း မိုးသောက်ရင်ထဲမတိုးနိုင်။ မေတ္တာလိုချင်ရင် မေတ္တာမျှဝေဖို့၊ ပျော်ရွှင်ချင်ရင် ပျော်ရွှင်မှုကို ဖြန့်ဝေနိုင်ဖို့ ဖေဖေသင်ပြခဲ့တဲ့အဘိဓမ္မာတွေဟာ မိုးသောက်ကိုရပ်တန့်နေခွင့်မပေး။ ပဲခူးအိမ်လေးကို ခြေရာလက်ရာမပျက်ငှားရမ်းနေထိုင်နိုင်မယ့်မိသားစုတစ်ခုအမြန်ရှာပြီး ရန်ကုန်ကိုထွက်လာခဲ့တာ ဖေဖေနဲ့မေမေရဲ့ချစ်ခြင်းတရားလို ခိုင်မြဲမယ့်ချစ်ခြင်းတွေကိုဖန်တီးနိုင်မယ့် နှလုံးသားနဲ့။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA