သုံးထပ်တိုက်အိမ်ကိုရောက်တာ သည်အကြိမ်နဲ့ဆိုလျှင် ဒုတိယအကြိမ်မြောက်။ မိုးရည်ဖြန်းပက်ခံထားရတဲ့ သစ်ပင်သစ်ရွက်တို့က စိမ်းစိုလန်းဆန်းသော လေထုကိုဖြစ်နေစေသည်။ ကားတွေက အိမ်ရှေ့ခြံဝင်းမျက်နှာစာမှာတင်အပြည့်။ မိုးသောက်ကားကို ခြံထောင့်ခပ်လှမ်းလှမ်းမှာသာ ရပ်ထားခဲ့လိုက်ရသည်။ လှမ်းလျှောက်နေရင်းပဲ အိမ်မကြီးထဲက တွန်းတိုက်ထွက်လာတဲ့စကားသံတို့ကိုကြားနေရလေပြီ။
မိုးသောက်ရဲ့ပုံမှန်နေ့ရက်တွေမှာလည်း ရှပ်အဖြူနဲ့ပုဆိုးပဲဝတ်နေကျဖြစ်လို့ ထူးထွေပြီးပြင်ဆင်လာရသည်မရှိပါ။ အိမ်မကြီးအဝင်ပေါ်တီကိုမှာတော့ များပြားလာသည့်ဖိနပ်တို့စီစီရီရီ။ အကျဥ်းရုံးပဲလုပ်မှာလို့ ဦးစီးဘုန်းလျှံကိုယ်တိုင်ပြောခဲ့သည်။ သို့ပေမယ့် စကားသံတွေနဲ့ ဖိနပ်အရံများစွာကိုကြည့်ရုံဖြင့် အကျဥ်းရုံးထက်တော့ပိုနေလေပြီ။ အိမ်ထဲကိုခြေချမိရင် ဘယ်သူ့ကိုရှာရမှာလဲ မိုးသောက်စဥ်းစားရသည်။ အန်တီဒေါ်တင်တင်ခိုင်ကိုလား၊ ဦးစီးဘုန်းလျှံကိုပဲလား။
အန်တီက မိုးသောက်ကိုဖိတ်တယ်လို့ ဦးစီးဘုန်းလျှံကပဲ သတင်းစကားပါးပေးခဲ့သည်။ အန်တီဒေါ်တင်တင်ခိုင်ဆီ ဧည့်သည်လုပ်ရဖို့ကို မိုးသောက်စိတ်လေးချင်နေ၏။ ဒီလိုဆိုပြီး ဦးစီးဘုန်းလျှံဧည့်ခံနေမယ့်ဝိုင်းမှာထိုင်ဖို့လည်း စိတ်ကသက်သောင့်သက်သာဖြစ်မည်မဟုတ်။ သည်အိမ်၊ သည်အရိပ်၊ သည်မိသားစုဝင်တွေကိုစဥ်းစားလိုက်တိုင်း မိုးသောက်မှာ တွေးစရာ၊ ချင့်ချိန်စရာတွေရှိရ၏။ ကိုသီဟဖြစ်ဖြစ်၊ အိမ်ကကောင်လေးတစ်ယောက်ယောက်ကိုဖြစ်ဖြစ် အဖော်ခေါ်ခဲ့ဖို့ကိုလည်း အခုမှပဲ သတိရသည်။
"မိုးသောက် သားရောက်ပြီပေါ့။ ဝင်ပါကွယ်။ အန်တီ အခုပဲ သားဆီဖုန်းဆက်ခိုင်းတော့မလို့"
ပေါ်တီကိုအောက်မှာ အတွေးများနေတဲ့ မိုးသောက်အနားရောက်လာတာက အန်တီဒေါ်တင်တင်ခိုင်ပဲဖြစ်သည်။ မိုးသောက်နောက်က ရောက်လာတဲ့ဧည့်သည်တွေကိုကြိုဖို့ထွက်လာရင်း မိုးသောက်ကိုပါ မြင်သွားခြင်း။ တရားပွဲအမီဟုဆိုကာရောက်နေကြသည့်ဧည့်သည်တွေက မနည်းလှပါ။ အန်တီဒေါ်တင်တင်ခိုင်ပင် ပိုးဖဲအင်္ကျီဗြောင်ကို ချိတ်ကြီးကြီးဖြင့်တွဲဝတ်ထားကာ ပုဝါခြုံထား၏။ ဆံထုံးမြင့်မြင့်ထုံးဖွဲ့ထားသည့်နောက်မှာတော့ အင်္ကျီအရောင်နှင့်ဆင်တူ သစ်ခွပန်းရောင်တို့ကိုထိုးစိုက်ထားသေးသည်။
ESTÁS LEYENDO
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA