"ကျော်စွာရော၊ သူရော ပါတယ် အင်း...။ နေ့လယ်စာချိန်ရောက်နေပြီဆိုတော့ တစ်ခါတည်းဝင်ကျွေးလိုက်တာ"
စွပ်ပြုတ်အိုးနဲ့အလုပ်ရှုပ်နေသည့် ကိုကျော်စွာပင် ငြိမ်သက်သွားသည်။ ပိုင်ပိုင်က ခက်ရင်းလေးကိုကိုက်လျက်သား။ ဖုန်းပြောနေသူက မျက်ခုံးတန်းတွေတွန့်ကုတ်သွားတာနဲ့ မိုးသောက်ပါ မဆီမဆိုင် မလှုပ်ရဲတော့ပါ။ သူဖုန်းချလိုက်တာနဲ့ ပိုင်ပိုင်က သူ့လက်မောင်းကိုကိုင်လှုပ်ရင်း...
"မေမေလား ဖွားဖွားလား ဦးသားငယ်"
"ပိုင်ပိုင့်မေမေပါ။ နေ့လယ်စာစားနေပြီဆိုတော့ အေးဆေးတဲ့။ အပြန်ကျ ဦးဦးမိုးသောက်ကိုပါ အိမ်ခေါ်ခဲ့ဖို့မှာနေတာ"
ဟင်!
မိုးသောက်ရဲ့အာမေဍိတ်သံက နှုတ်ကထွက်မသွားပါ။ မိုးသောက်ကားက သူတို့အိမ်မှာကျန်ခဲ့တာဆိုတော့ သူတို့နဲ့အိမ်ပြန်လိုက်ရမှာ သေချာပေါက်ကို ခေါ်ခဲ့ဖို့ထပ်မှာရသည့် အကြောင်းအရင်းအတွက် မိုးသောက် စဥ်းစားရကြပ်သွားသည်။ ပြောရရင် မိုးသောက်က သူတို့တူဝရီး ပတ်ပြေးတဲ့ကိစ္စမှာ ကြံရာပါဖြစ်နေသည်မလား။
"ငါတော့ ပြန်တော့မယ် ဟေ့ရောင်။ ကားယူလာရင် မင်းအိမ်ပြန်လိုက်နေရမှာသိလို့ တက္ကစီနဲ့ပဲလာလိုက်တာ မှန်သွားတယ်။ ညီလေး မိုးသောက်တော့ ကြားညပ်ဦးမယ်"
သူ ကိုယ်တိုင်ကိုယ်ကျ အလှူလာဖိတ်ခဲ့တာကိုတောင် မိုးသောက် သံသယဝင်သွားရသည်။ ရတီမြင့်မိုရ်ကိုပါ ဖိတ်ခဲ့ပါသည်ဆိုတာကလည်း အိမ်ကိုအပါခေါိရုံသပ်သပ်နဲ့ သူကကျ အိမ်ကလှည့်ထွက်လာမှတော့ ဘာတွေက အရာရောက်သွားပါဦးမလဲ။
"ဦးသားငယ်ကို ဦးချပါတယ်။ ဒါက ဦးကျော်စွာနဲ့ ဦးဦးမိုးသောက်အတွက်"
"သိုင်းကျူးပါဗျာ"
လူကြီးတွေမနှိုက်ကြသေးတဲ့ ပုဇွန်တန်ပူရာကြော်ကို သူ့ဦးသားငယ်ကို ဦးချပြီး ကိုကျော်စွာနဲ့ မိုးသောက်ကိုပင်မကျန်ခဲ့စေရ။ ကိုကျော်စွာက လက်သီးဆုပ်ပြီးရှေ့တိုးလိုက်တော့ ပိုင်ပိုင်ကလည်း ကိုကျော်စွာ့လက်သီးကို သူ့လက်သီးနဲ့တိုက်သည်။ မိုးသောက် ကျေးဇူးတင်စွာပြုံးပြလိုက်တာကိုလည်း အပြုံးအေးအေးလေးဖြင့် ခေါင်းညိတ်ပြသည်မှာ လူကြီးလေးအလား။ လူရိပ်လူခြေကြည့်တတ်ပုံနှင့် လူမှုဆက်ဆံရေးပြေပြစ်ပုံကတော့ သူ့ဦးသားငယ်ခြေရာကိုနင်းနေသည့်အတိုင်း။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA