9

28.8K 2.4K 292
                                    

ပုရွတ်ဆိတ်အုံထဲ သကြားခဲပစ်ကျထားသလိုမျိုး ​ရေ​ကျော်ည​ဈေးတန်းဟာ လူ​တွေ၊ ကား​တွေဖြင့် ကြိတ်ကြိတ်တိုး​စည်ကားနေကြသည်။ ဦးစီးဘုန်းလျှံတစ်​ယောက် ကား​ကို ဘယ်လမ်း​တွေက​နေ ​ကွေ့ပတ်​မောင်း​နေလဲ​တောင် မိုး​သောက် မမှတ်နိုင်​တော့ပါ။ ညဟာ မီးတိုင်ဝါတို့ရဲ့ အလင်း​ပေးမှုဖြင့် ​နွေး​ထွေးစွာသက်ဝင်​နေခြင်း။ ကား​မောင်းတာကိုအာရုံစိုက်​နေတဲ့ သူ့ကို မိုး​သောက် ဘာမှမ​ပြောဖြစ်သလို သူကလည်း နှုတ်ဆိတ်စွာပင်။ တကယ်​တော့ မိုး​သောက်တို့ကြား အပျင်း​ပြေ​ပြောစရာအ​ကြောင်းအရာလည်း ရှိမ​​နေ။

သူ ကားရပ်လိုက်တဲ့​နေရာမှာ​တော့ လူသူကျဲပါးသည်။ အ​မှောင်ဟာ အလင်းကိုစိုးမိုးထားမှုများများ။

"ဒီကို ​ရောက်ဖူးလား"

"မ​ရောက်ဖူးဘူးဗျ"

မိုး​သောက်အ​ဖြေကို သူ ပြုံးသည်။ မိုး​သောက်က တစ်သီးတစ်ခြား​နေလိုသူမဟုတ်​ပေမယ့် သူငယ်ချင်း​တွေနဲ့ဆုံရင် ​သောက်စရာအလျှံအပယ်ရှိတဲ့​နေရာသွားရင်သွား၊ မဟုတ်လည်း Music Box ​တွေမှာ အပီအပြင်သွားဟစ်။ ဒါမျိုး​တွေထဲပဲ ​ခေါက်ရိုးကျိုး​နေခဲ့ပြီး ည​ဈေးလို​နေရာမျိုး​တော့ တစ်ခါမှပင် မလည်ဖူး။ ​

"ဟယ် ကိုသားလာတယ်။ သားရယ်"

ဦးစီးဘုန်းလျှံကိုမြင်တာနဲ့ ​ပြေးကြို​ထွေးဖက်သူရဲ့ ဆံပင်တိုတိုဟာ အဖြူ​ရောင်ထဲ ​ပျော်ကျ​နေတဲ့အနက်​ရောင်တစ်စွန်းတစ်စသာရှိ​သည်။ ​အေပရွန်ညိုညိုဟာ နွမ်းလျလျ။ ဘဝဟာ ​ရေစုန်မှာ အလိုက်သင့်စီး​မြောခဲ့ရသူမဟုတ်​ကြောင်း အမျိုးသမီး​ဖြစ်ပေမယ့် လက်ခုံမှာထင်ရှား​နေသည့်​သွေး​ကြောကြီးကြီး​တွေကိုမြင်​ရုံနဲ့ သိသာ​နေ​စေ၏။ အသက်အားဖြင့် ၆၀ ​ကျော်ပင်ရှိလိမ့်မည်။ ပြုံး​နေတဲ့မျက်နှာဟာ ပါး​ရေအထပ်ထပ်​ကြောင့် ခန့်မှန်းမိတာထက် ငယ်တာလည်းဖြစ်​နေနိုင်သည်။

ဦးစီးဘုန်းလျှံကိုယ်တိုင်လည်း သူ့လက်ဖျံနှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်ထားသည့် ထိုအမျိုးသမီးကြီးကို ပြုံးလျက်ငုံ့မိုးကြည့်​၏။ သူ့အပြုံးဟာ မိုး​သောက်မြင်ဖူး​နေကျအကြိမ်​တွေနှင့် တစ်မျိုးတစ်ဘာသာမှမတူ။ အပြုံးသည် နူးညံ့စွာ၊ ကြင်နာစွာ၊ သိမ်​မွေ့စွာ။ သာမန်ဆန်ပုံမျိုးဖြင့် နူးညံ့ခြင်း၊ ကြင်နာခြင်း၊ သိမ်​မွေ့ခြင်းလည်းမဟုတ်။ အဖြူ​ရောင်၏သန့်စင်ခြင်းနှင့် အဝါ​ရောင်၏​နှစ်လိုဖွယ်ရှိခြင်းလိုမျိုး။ ​မေတ္တာ၏​အေးချမ်းခြင်းနှင့် ​နွေး​ထွေးခြင်းတို့ကို အပြုံးထဲ အချိုးကျကျ ​ရော​ဖျော်ထားသလိုမျိုး။

Falling In Love With The Red Flag GuyWhere stories live. Discover now