Notice [ ဇာတ်လမ်းလိုအပ်ချက်အရ အစိုးအရအဖွဲ့အစည်းတစ်ခုထည့်သွင်းရေးသားထားရပါသည်။ လက်ရှိအခြေအနေများနှင့်မဆက်စပ်ဘဲ စာရေးသူ၏ စိတ်ကူးယဥ်ကမ္ဘာမှ ဖန်တီးမှုအဖြစ်သာ ဖတ်ရှုပေးရန် မေတ္တာရပ်ခံအပ်ပါသည်]
"အဲ့လိုနဲ့ပဲ ဖေဖေမဆုံးခင်အထိ အော်ဟစ်လိုက်၊ ငိုယိုလိုက်၊ အရိုက်ခံရလိုက်ဘဝကြီးထဲမှာ သံသရာလည်နေခဲ့တော့တာပဲ မိုးသောက်ရယ်"
မမအသံဟာ ရှိုက်သံတွေရောနေဆဲပေမယ့် မျက်ရည်မကျတော့ပါ။ မျက်နှာတစ်ပြင်လုံးဟာ မိုးရေကြောင့် အေးစက်တောင့်တင်းသွားရသည့် ပန်းပွင့်ဖပ်တွေလို ဖြူရော်နွမ်းဖတ်နေသည်။ မိုးသောက်ကိုယ်တိုင်လည်း မျက်တောင်တွေကိုအလျင်အမြန် ပုတ်ခတ်လိုက်ရသည်အထိ နင့်သည်းသည့်ခံစားချက်ထဲက ရုန်းထွက်လိုက်ရ၏။
အပြင်မှာ မိုးဖွားဟာ ဖွဲဖွဲလေးရွာနေတုန်း။ ရင်ထဲမှာ ပြိုနေသည့်မိုးဟာလည်းသည်းနေတုန်း။
"မိုးသောက်တို့အိမ်ကိုလာလည်ကြတာ LA မှာရှိနေတဲ့ ဖွားဖွားနောက်ကို မမလိုက်မသွားခင်ပေါ့။ ဖွားဖွားကလည်းရယ်ရတယ်။ သူ့သား ဆိုးတာသိတယ်။ မေမေပဲထိန်းနိုင်မှာဆိုပြီး စိတ်ချလက်ချကိုထားထားတာ။ ဒါပေမယ့် သူ့တစ်ဦးတည်းသောမြေးယောက်ျားလေးကို ဒီလိုသောကတွေရောက်စေရမလားဆိုပြီး Bhone Hlyan Group တစ်ခုလုံးကို ဖေဖေနဲ့မေမေဆီမပေးဘဲ သားငယ်ကိုအကုန်ပေးခဲ့တယ်"
လိုနေတာ ပစ္စည်းဥစ္စာရဲ့ချမ်းသာခြင်းတွေမဟုတ်ဘဲ စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေဆိုတာကို ဘယ်လူကြီးကမှ နားမလည်ခဲ့ကြဘူးပဲ။ ငယ်စဥ်တည်းက အထပ်ထပ်ရနေခဲ့တဲ့ဒဏ်ရာတွေက ကျောက်စိုင်ကျောက်သားလို ထုနဲ့ထည်နဲ့ မာကြောခိုင်မြဲနေတော့မယ့်အမာရွတ်တွေလေ။ ရာသီစာတွေလို အလွယ်တကူပေါင်းနှုတ်ရိတ်သိမ်းလို့ရရင်လည်း ဘယ်လောက်ကောင်းလိုက်မလဲ။
"ကျွန်တော် ကိုသားငယ်အပေါ်မှာ မှားသွားပြီ မမ"
နှလုံးသားဟာ မိုင်တစ်ထောင်ပြေးလမ်းပေါ်မှာတဆတ်ဆတ်တုန်ခါလှိုက်မောနေရသည့်ခံစားချက်မျိုးပင်။ အိမ်ထောင်ရေးရဲ့ ဆိုးယုတ်မှုတွေနဲ့ ဘဝတစ်ဝက်လောက်ဖြတ်ကျော်လာရသူကို နောက်ထပ်အိမ်ထောင်ရေးတစ်ခုထဲသွပ်သွင်းမိဖို့ လက်မတင်လေး။ သူ မိုးသောက်ကို မကြည်လင်နိုင်တာဟာ အပြစ်ဖွဲ့စရာပင်ဟုတ်မနေတော့။ တကယ်ဆို မိုးသောက်က အမုန်းခံရဖို့တောင် ထိုက်တန်နေသေးသည်။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA