ဆောင်းဦးရာသီဝင်ရိုးစွန်းတည့်တည့် အအေးဓါတ်ထဲနစ်မြှုပ်ကျရောက်နေသည့် ပဲရစ်မြို့ဟာ ယခင်နှစ်များထက် အအေးပိုသည်ဟု သိရသည်။ ပြတင်းဘောင်မှာတင်နေသည့် နှင်းပွင့်များက ထူထပ်ကြပ်ခဲလာကာ ရေခဲသည်အထိ ဖြစ်နေတတ်၏။ လောကတစ်ခွင်ဟာ အဖြူရောင်များဖြင့် လွှမ်းခြုံခံထားရကာ ကြည်လင်ငြိမ်းချမ်းမှုကို ခံစားရစေသလိုပင်။ ထိုအထဲ ဦးစီးနှလုံးသား မပါ။
နှလုံးသားထဲတောက်လောင်ကျွမ်းနေသည့် မီးတောက်ဟာ တမြေ့မြေ့တငွေ့ငွေ့နှင့် ငြိမ်းသတ်မသွား။ ပဲရစ်ရောက်တာ နှစ်လကျော်။ ချာတိတ်နောက်ကို တကောက်ကောက်လိုက်ရုံ၊ မြင်တွေ့ခွင့်ရနေရုံများဖြင့် ဘာကိုမှ ကြိုးစားခွင့်မသာပါ။
တည်ငြိမ်အေးစက်နေသည့် မျက်နှာလေးက ဥရောပရဲ့အအေးဝင်ရိုးစွန်းထက် ဦးစီးအပေါ် စိမ်းကားအေးစက်နေခဲ့၏။ အရဲစွန့်လို့ ရှေ့တစ်လှမ်းတိုးသည့်အခါ ရရှိခဲ့တာ ဥပေက္ခာ။ "မချစ်တော့ဘူး"လို့ ဖွင့်ဟခဲ့လျှင် ပြန်ချစ်လာအောင် ကြိုးစားပါ့မယ်ဆိုသည့် ခွန်းတုန့်ပြန်ခွင့်ပင်မရပါ။ "မုန်းတယ်"လို့ ရာဇသံချမှတ်လျှင်တောင် အမုန်းကိုချေဖျက်ပါ့မယ်ဆိုသည့် ချေပခွင့်လည်းမရ။ လွယ်လွယ်ကူကူဖျောက်ပစ်လို့ရသည့် ခံစားချက်တွေမဟုတ်ပါဘဲ အခုတော့ ချစ်ခြင်းတွေဟာ ပျောက်ဆုံးခံနေရ၏။
"အိပ်ရေးဝအောင်အိပ်၊ အစားလည်းစားဦး။ ပိန်သွားလိုက်တာ"
"အင်း စားပါတယ်"
"ဒီလိုပုံစံအတိုင်း အမြဲနေလို့မရဘဲ သားငယ်။ မိုးသောက်လည်း သူစဥ်းစားထားတဲ့ သူ့ဘဝဆိုတာ ရှိမှာပေါ့"
"ငါစဥ်းစားထားတဲ့ ငါ့ဘဝမှာတော့ သူရှိမှဖြစ်တော့မှာ"
"သူ လုံးဝ နင့်ကို မလိုချင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
"တောက်! နင် ပါးစပ်ပိတ်ထားလိုက်တော့ မမ"
တကယ်တမ်း စားပွဲရှေ့ကထလိုက်ရတာ ဦးစီးပဲဖြစ်သည်။ တစ်ညလုံး မအိပ်ထားရတဲ့ခေါင်းက ကြည်လင်မှုမရှိပါ။ တုန်ယင်ချင်နေသည့်လက်ချောင်းတွေနဲ့ စီးကရက်တစ်လိပ်ဆွဲထုတ်ပြီး အတွေးတွေမွန်းကျပ်သွားအောင် ရှိုက်ပစ်လိုက်ရ၏။ ဘဝမှာ တစ်ခုတည်းသော တောင့်တသည့် သည်ကလေးဆီက ချစ်ခြင်းမေတ္တာ။ မရနိုင်တော့ဘူးဆိုသည့်အတွေးမျိုး မတွေးမိတာ မဟုတ်ပါ။ တွေးလိုက်တဲ့အခါတိုင်း ပုံပေါ်လာတာ မှောင်မိုက်နေသည့်နေ့ရက်တွေ။ အနာဂတ်တစ်ခုလုံးဟာ နေမင်းပျောက်ကွယ်သွားသည့် စကြာဝဠာလို မှောင်အတိဖုံးလွှမ်းနေသည့်အဖြစ်မျိုး။
YOU ARE READING
Falling In Love With The Red Flag Guy
RomanceLove doesn't exist, Just exist YOU VICE VERSA