"ဇွဲကောင်းသားပဲ။ တစ်ပတ်တောင်ကျော်ပြီဆိုတော့"
မိုးသောက် သူ့ကို စကားပြန်မပြော။ မပြောနိုင်ဘူးဆို ပိုမှန်လိမ့်မည်။ မိုးသောက်က အခု ပက်လက်လှန်ပြီး ဝိတ်မနေရတာ။ သူက မိုးသောက်ဘေးကခုံမှာလာထိုင်ပြီး မိုးသောက်ကို အပေါ်စီးကနေကြည့်နေတာ မိန့်မိန့်ကြီး။
"အရင်က မဆော့ဖူးဘူးမလား။ ကြွက်သားတွေတော်တော်နာမှာပဲနော်"
ထိုင်ခုံကိုလက်ပြန်ထောက်ပြီး ပင်ပန်းကြီးစွာ ဝိတ်မနေရတဲ့ မိုးသောက်ကို စကားတွေလာပြောနေသည်။ အရင်ရက်တွေက မိုးသောက် အခြေခံလေးတွေချည်းလုပ်နေရတုန်းကတော့ ဘာမှမပြောဘဲ။ ဒီနေ့ ဝိတ်စမ ရပြီဆိုကာမှ စကားတွေဖောင်ဖွဲ့ချင်နေပုံရသည်။ ဝိတ်ကလည်း အနည်းဆုံးကိုတင်ထားတာတောင် အံကြိတ်ပြီးမ ရသည်။ မိုးသောက်လက်တွေတောင်တုန်ချင်လာသလိုပေမယ့် သူ့ရှေ့မှာဖြစ်နေလို့ ဘယ်အရာကိုမှ အလျှော့ပေးပုံမပြချင်။
"ကိုယ့်ကိုကိုယ်အပင်ပန်းခံပြီးတောင် သူများကို မိန်းမပေးစားချင်နေတာ တရားကျစရာပဲ"
တရားပေါက်နေရင် ဘုန်းကြီးဝတ်သွားလိုက်။ အဲ့သလိုသာဆို မိုးသောက်လည်း ဒီလောက်ကြီးတွေအထိ ကြိုးစားအားထုတ်နေစရာမလိုတော့ဘူးလေ။ တကယ်တမ်းတော့ မိုးသောက် အံကြိတ်ထားရလို့ စကားမပြောနိုင်ပါ။ စိတ်ကနေပြီး သူ့ကို မေတ္တာပျက်နေရခြင်းဖြစ်သည်။ သူကတော့ မိုးသောက် သူ့ကိုဘာမှပြန်မပြောနိုင်တာကိုပဲ သဘောကျနေပုံရသည်။
"လိမ္မာလိုက်တာ။ ဘာမှတောင် ပြန်မပြောရှာဘူး"
ခင်ဗျားအမေကိုပဲ သွားလိမ္မာနေလိုက်။ မိုးသောက် သူ့ကိုနည်းနည်းမှလှည့်မကြည့်ပေမယ့် သူ မိုးသောက်ကို ကြည့်နေမှာ မိုးသောက်သိသည်။ သူ့နောက်လိုက်ပြီး ဒုက္ခခံနေတဲ့လူကို နည်းနည်းမှသနားညှာတာမှုမရှိတဲ့အပြုံးတွေနဲ့လေ။ မိုးသောက်ကလည်း သူ့ဆီက သနားခံချင်တာ မဟုတ်ပါ။ သူ့ဆီကနားလည်ပေးမှုတွေလောက်အထိ မမျှော်လင့်ပေမယ့် မိုးသောက်အလုပ်ကို ပျက်စီးရာပျက်စီးကြောင်း ကန့်လန့်မတိုက်မယ့် ပူးပေါင်းမှုမျိုး။