EP_62

344 24 4
                                    

မိုးသား ဆိုင်တံခါးဖွင့်ပြီး အပြင်ဘက်ထွက်ကာ မနက်ခင်းလတ်ဆတ်သောလေကို တစ်ဝကြီးရှူ ရှိုက်လိုက်သည်။ လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး အကြောဆန့်ရန်ပြင်လိုက်ပြီးမှ မလှမ်းမကမ်းမှာ ရပ်ထားသော ကားအနက်လေးကိုမြင်ပြီး လက်နှစ်ဘက်က အော်တိုပြုတ်ကျသွားသည်။

မိုးသား အမြင်တို့ကြည်ရှင်းအောင် မျက်လုံးနှစ်ဖက်ကိုပွတ်ပြီးနောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။ သူအိပ်ချင်မူးတူးနဲ့ မြင်ချင်ရာမြင်တယ် ပြောရအောင်လဲ မနေ့ညက အစောကြီးအိပ်ထားတာမို့ သူအိပ်ရေးဝပါသည်။ သေချာတယ် ဒါမောင့်ကားနံပါတ်မှ မောင့်ကားနံပါတ်ပါ....ဒါဆို

မိုးသားကိုယ်လေးက လှစ်ခနဲ ဆိုင်ထဲပြန်ရောက်သွားသည်။တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်လေးကိုဖိရင်း ကောင်တာနားရှိ တိုင်ကပ်နာရီကိုမော့ကြည့်လိုက်သည်။

၆နာရီထိုးဖို့ ၁၅မိနစ်ပင်လိုသေးသည်။
မောင်က...မနက်အစောကြီး သူ့ခြံရှေ့ကို ဘယ်လိုရောက်နေတာလဲ....ညကတည်းကရောက်နေတာတော့မဟုတ်လောက်ပါဘူးနော်.....

မိုးသား ကောင်တာစားပွဲက ခုံမှာဝင်ထိုင်ပြီး ခြေထောက်နှစ်ချောင်းကို တလှုပ်လှုပ်လုပ်ပြီး စိတ်လှုပ်ရှားနေမိသည်။ မောင်နဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ မခံစားရတော့ပါဘူးပြောပြော ရုတ်တရက် တွေ့လိုက်ရရင် စိတ်လှုပ်ရှားရင်ခုန်နေဆဲ။

မိုးသား တစ်ယောက်ထဲထိုင်ရမလိုလို ထရမလိုလိုနဲ့ လည်ပင်းလေးတစ်ဆန့်ဆန့်ဖြစ်နေချိန် ၆နာရီထိုးတွင် မမထက်ရောက်လာခဲ့မှ ယောက်ယှက်ခတ်နေသောကိုယ်လေးကို ထိန်းပြီး တည်တည်ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။

"ဟော သားသား ဆိုင်ထိုင်လှည့်ပါလား ဒီနေ့က"

ဆိုင်ထဲဝင်လာသော ထက်ထက်က ပါလာသော ထမင်းချိုင့်လေးကို ဆိုင်ထောင့်ခုံတစ်ခုပေါ်မှာတင်ထားရင်း မိုးသားကိုနှုတ်ဆက်လာသည်။

"ဟုတ်တယ် မထက်ရေ ကျွန်တော်လည်း ပြန်ရောက်ကတည်းက ဆိုင်မထိုင်ရသေးတာ မားခေါ်ထားတဲ့ကောင်မလေး နယ်ပြန်သွားတော့မှပဲ တာဝန်ကျတော့တယ်"

WSICTSOTM Where stories live. Discover now