Part-17 🏠

683 35 2
                                    

"လာလေ လွှမ်း ဒါသက်ညာတို့အိမ်ပဲ"

ခြံဝန်းကို အစိမ်းရောင်သံပန်းတို့နှင့်ကာရံထားပြီး အပြင်ကနေ အထဲကို တစ်ချက်လှမ်းကြည့်တာနဲ့
သစ်ပင်အုပ်ဆိုင်းဆိုင်းက စိုးမိုးထားသည်။ ခြံတံခါးသော့ကိုဖွင့်ပြီးတာနဲ့ဝင်သွားသည့် သက်ညာနောက်မှလိုက်ရင်း ပတ်ပတ်လည်ကို ကျီးကန်းတောင်မှောက် စူးစမ်းမိသည်။

ပူတဲ့အရပ်ဒေသဖြစ်တာကြောင့် အရိပ်ရတဲ့ သရက်ပင်လို အပင်ကြီးတွေကို အလေးပေးစိုက်ထားသည်ဟု လွှမ်းကောက်ချက်ချမိသည်။ အပင်ကြီးတွေသာမဟုတ်ပဲ ခြံထဲမှာ စိုက်ထားတဲ့ ရောင်စုံပန်းအိုးလေးတွေက သေချာပျိုးပေးခြင်းခံရသည်ထင်၏ အပွင့်မပွင့်သေးသော်ငြား စိမ်းစိုလှပနေသည်။ ခြုံငုံကြည့်မယ်ဆို တစ်ခြံလုံးက သစ်ပင်ပန်းမာန်တွေရဲ့အကူအညီကြောင့် သန့်ရှင်းသောလေကိုရှူရှိုက်မိတဲ့အခါ လွှမ်းကိုယ်တိုင်တောင် သဘောတွေ့မိသည်။

ခြံတံခါးကနေ နည်းနည်းလေးလျှောက်လာလိုက်တာနဲ့ အဖြူရောင်လုံးချင်းနံကပ်တိုက်လေးက သက်ညာတို့ကို ကြိုလင့်လို့နေလေသည်။

"ဒီအိမ်လေးရဖို့ကို ဖေဖေကတော်တော်လေးကြိုးစားခဲ့ရတာလေ"

အိမ်တံခါးကို ဖွင့်ရင်းဘေးရှိလွှမ်းထံ ပြောသည်။

"ဖေဖေနဲ့မေမေက လက်ထက်ပြီးကတည်းက ဘယ်သူ့အကူအညီမှမယူဘဲနဲ့ နှစ်ယောက်အတူ ရုန်းကန်ခဲ့ရတာ
ဒီနေရာလေးက သက်ညာအတွက်တော့ အမှတ်တရအပြည့်နဲ့ အနွေးထွေးဆုံးပဲ
အိမ်လေးက သေးသေးလေးဆိုပေမယ့် သက်ညာတို့ မိသားစုသုံးယောက်အတွက်တော့ လိုတာထက်ပိုတဲ့ လုံခြုံမှုကို ရခဲ့တယ်လေ ဒါပေမယ့်....."

အိမ်တံခါးလည်းပွင့်သွားပြီး လွှမ်းထံသို့ကြည့်မနေသော်လည်း သက်ညာနေရာကဆို ဘယ်လိုခံစားရမလဲ ကြိမ်းသေပေါက် လွှမ်းနားလည်သည်။
မိခင်က ထာဝရအတွက် နှုတ်ဆက်သွားပြီး ဖခင်နဲ့လည်း ခုထိအဆက်အသွယ်မရ ဒီလိုအချိန်မှာ သူစိမ်းအိမ်ရဲ့သောကမီးများလည်း ကူးဆက်ခဲ့ရသေးသည်။ ဒါကိုတောင် သက်ညာကို စတွေ့ကတည်းက ဆိုးဆိုးရွားရွားတွေပြောမိတဲ့ကိုယ့်ကိုယ်ကို တွေးမိတိုင်း အခါခါ နောင်တတွေ
တစ်စီတစ်တန်းကြီး လိုက်ပါလာ၏။

အသွင်(completed)Where stories live. Discover now