Part-26🍇

604 28 2
                                    

Zawgyi

နနှုတ်ဆက်ခါနီး နေဝန်းညှို့ညှို့ဝယ် တောင်သမန် ကန်ရေပြင်အတွင်းသို့ ခေါင်းလျှိုနေကာ သိပ်မကြာခင်အချိန်အတွင်း တိုးဝင်ပျောက်ကွယ်သွားတော့မည်။လေက တစ်ဖျောက်ဖျောက် မိုးက တစ်တောက်တောက် မရွှဲသော်လည်း ကောင်းကင်တစ်ခွင် အုံမိုင်းကာနေ၏။ ခပ်လဲ့လဲ့ ရေပြင်ပေါ်၌ အဆုပ်လိုက်အဆုပ်လိုက် လေနှင်ရာ လွင့်မျောနေသော ဗေဒါတို့သည် မည်သည့်အရပ်၌ ကမ်းကပ်မည်ကိုမသိ။

ဦးပိန်တံတားက သမီးရည်းစားတွေအတွက် လာရောက်ဖို့ ကောင်းတဲ့နေရာတစ်ခုတဲ့ ၊ ဘာကြောင့်လဲဆိုတော့ မညီညာတဲ့ တံတားကြမ်းခင်းကြောင့် အမှတ်မထင် ကိုယ်ဟန်လေးယိမ်းယိုင်သွားသော် ကိုယ့်ချစ်သူအပေါ်မှီတွဲကာ ပိုမို ရင်းနှီးထိတွေ့နိုင်ပြီး ရင်ခုန်ကြည်နူးစရာ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်တယ်ဆိုတဲ့ အကြောင်းအရာအချို့ကိုပင် တံတားပေါ်လျှောက်ရင်းနှင့်
သတိရမိလေသည်။ ဘယ်အချိန်တုန်းက ဖတ်ခဲ့ဖူးသည်ကိုတော့ လွှမ်း မမှတ်မိတော့။ စာအုပ်တွေ၊ဝတ္ထုတွေနဲ့ အကျွမ်းဝင်ခဲ့သူမဟုတ်တာကြောင့်လဲ ပိုပြီး မေ့မေ့ပျောက်ပျောက်ပင်။
ဒါပေမယ့်လည်း တစ်ခါတုန်းက သော်ကရဲ့ စာအုပ်တွေကို ဝင်မွှေပြီး ထိုင်ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုထဲက ထိုအချက်ကိုသာ မှတ်မှတ်ရရရှိနေသေး၏။

လွှမ်း သက်ညာတို့ ဒီမှာ ခနထိုင်ကြမလား

နေရာတစ်ခုအရောက်မှာ ရပ်လိုက်ကြပြီး တံတားပေါ်လျှောက်လာစဉ်တစ်လျှောက်လုံး မလွတ်တမ်း ကိုင်ထားခဲ့သည့် သက်ညာလက်လေးကို လွှတ်လိုက်ရသည်။ ထိုင်ခုံတစ်ခုတည်းထိုင်နေသော်လည်း ခေါင်းတစ်လုံးပိုသာနေသည့် လွှမ်းအရပ်ကြောင့် သက်ညာက ခပ်ပုပုလေးဖြစ်နေ၏။

မျက်စိရှေ့တွင်ရှိနေသော နေဝင်ဆည်းဆာရယ်၊ မျက်စိတစ်ဆုံး
တောင်သမန်အင်းကြီးတို့က မိုးသက်ညာလောက်ပင် လွှမ်း၏စိတ်အာရုံကို ဖမ်းစားရန်ကား မစွမ်းနိုင်။
ကန်ရေပြင်ကို ကြည့်နေသော သက်ညာမျက်လုံးတို့က တလက်လက်၊
အမြဲတစေ ယုယစွာ ဖြီးလိမ်းပေးလေ့ရှိတဲ့ ဆံနွယ်တို့က တံတားပေါ်လာခတ်လာသည့် လေအဝေ့မှာ ကခုန်နေသည့်အလား လေနှင့်အတူယိမ်းကာနေသည်။

အသွင်(completed)Where stories live. Discover now