Part 1 (Zawgyi)

81.6K 3.6K 33
                                    

နှစ်သန်းပေါင်းများစွာ ကြာခဲ့စဉ်ကဖြစ်သည်။

လူသားတို့နေထိုင်ရာ ကမ္ဘာမြေသည် ကောင်းကင်နိုင်ငံ၊ မြေအောက်ငရဲတို့နှင့် ခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ ဆက်စပ်ပေါင်းစည်းထားချိန်ဖြစ်သည်။

ရေနတ်မင်း၊ နေနတ်မင်း၊ လေနတ်မင်းနှင့် မြေနတ်မင်းဆိုသည့် အဓိကနတ်မင်းကြီးလေးပါးသည် နတ်ဘုရားမ၏ အုပ်ချုပ်မှုအောက်တွင် သတ္တ၀ါအားလုံး အေးချမ်းသာယာစွာ နေထိုင်နိုင်ကြရန် အုပ်ချုပ် ကာကွယ်ပေးသည့် တာဝန်ကို ထမ်းဆောင်ကြရသည်။

လူသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ဆုတောင်းပသမှုများသည် နတ်ဘုရားများ၏ တန်ခိုးအင်အားကို ကြီးမားစေပြီး စာတန်နတ်ဆိုးများကို ငရဲပြင်ပသို့ မတိုးထွက်နိုင်အောင် တားဆီးပေးနိုင်ခဲ့သည်။

သို့ပေမယ့် နတ်ဘုရားမ၏ ထူးဆန်းစွာ ပျောက်ဆုံးသွားချိန်နှင့်အတူ အေးချမ်းသာယာသော အချိန်ကာလများ ထိတ်လန့်တုန်လှုပ်ဖွယ် ပြီးဆုံးသွားခဲ့သည်။

နတ်မင်းလေးပါးသည် နတ်ဘုရားမ၏ အရိုက်အရာကို မက်မောကာ အချင်းချင်းအာဏာလု အငြိုးထားလာကြသည်။ ၎င်းတို့တန်ခိုးစွမ်းအင် တိုးပွားစေရန် ကိုးကွယ်သူ လူသားများ၏ ယုံကြည်မှုနှင့်ပသမှုများလိုအပ်သည်ဖြစ်၍ မိမိကို မကိုးကွယ်ဘဲ အခြားနတ်မင်းများကို ကိုးကွယ်သူ လူသားများကို သတ်ဖြတ်နှိပ်စက်လာကြသည်။ သဘာဝအန္တရာယ် အမျိုးမျိုး ဖန်တီးကာ လူသားများ၏ ကြောက်ရွံ့ကိုးကွယ်ခြင်းကို သူ့ထက်ငါ အပြိုင်အဆိုင် ရှာဖွေလာကြသည်။

နှစ်ပေါင်းများစွာကြာအောင် လှောင်ပိတ်ခံထားရသော နတ်ဆိုးများမှာမူ နတ်ဘုရားများ၏ တားဆီးမှုမရှိတော့၍ လူသားကမ္ဘာသို့ လာရောက်နိုင်ပြီး လူသားများကို သူတို့စိတ်တိုင်းကျ သတ်ဖြတ်စားသောက်နိုင်လာပြီဖြစ်သည်။

သေးငယ်နုံချာကာ ခွန်အားမရှိလှသော လူသားများအတွက်မှာမူ ကမ္ဘာပျက်သည်ထက်ဆိုးကာ ငရဲတွင်းသို့ အရှင်လတ်လတ်ကျနေရချိန်ဖြစ်သည်။

......................................................................................................

တောင်တန်းမြင့်များ ၀န်းရံထားသည့် ရွာငယ်လေးသည် နေ၀င်ချိန် ညနေခင်း၏ နီရဲသော ရောင်ခြည်များအောက်တွင် ငြိမ်သက်စွာ တည်ရှိနေသည်။ စိမ်းလွင်သော မြက်ရိုင်းများက ရွာငယ်ပတ်ပတ်လည်တွင် ထိုးထိုးထောင်ထောင် သန်မာစွာ ပေါက်ရောက်နေသည်။ မြက်ရိုင်းများကြားမှ ပိုးကောင်ငယ်များ၏ အော်မြည်သံသည် ခပ်မှန်မှန်ထွက်ပေါ်လာနေသည်။

Black AngelWhere stories live. Discover now