Part 63

20.9K 1.7K 48
                                    

ကောင်းကင်ထက်မှ တိမ်ညိုတိမ်မည်းများသည် ဖြည်းညင်းစွာ လွင့်စင်ပျောက်ကွယ်နေသည်။ ဖျော့တော့သော နေရောင်ခြည်တစ်ချို့သည် ကျန်ရှိနေသေးသော တိမ်တိုက်များကြားမှ တိုးဝင်လာနေပြီဖြစ်သည်။ လဲကျနေသော သစ်ပင်များ၊ လွင့်စင်ပြိုကွဲနေသော ကျောက်တုံးကြီးများ နွမ်းကြေနေသော ပန်းပွင့်များနှင့် ပျက်စီးနေသော စိုက်ခင်းပျိုးပင်များသည် နေရာအနှံ့တွင်ရှိနေသည်။

တောင်တန်းများထိပ်စွန်းရှိ ကျောက်ဆောင်မြင့်တစ်ခုပေါ်တွင် ဒန်နရယ်ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရွှေရောင်ဆံပင်ရှည်များသည် လေညှင်းနှင့်အတူ လွင့်ပါကာ ဆံပင်တစ်စုမှာ ချောမောလွန်းလှသော ဒန်နရယ်၏ မျက်နှာပေါ် တင်ကျန်နေသည်။ တင်းကြပ်စွာဆုပ်ထားသော လက်သီးများသည် ကိုယ်ခန္ဓာ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေပြီး ပြာလဲ့သော မျက်လုံးများသည် မျက်ရည်များ ၀ိုင်းနေဆဲဖြစ်သည်။

ဖရက်ဒီ.. ခင်ဗျား ကျွန်တော့်ကို ဒီလောကကြီးတစ်ခုလုံးပေးရဲတဲ့အထိ ယုံကြည်တယ်တဲ့လား.. ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်လိုချင်တာ ဒီလောကကြီးမဟုတ်သလို ဒီသုံးမရတဲ့တန်ခိုးတွေလဲမဟုတ်ဘူး.. ကျွန်တော်လိုချင်တာ ခင်ဗျားနားမှာ ရှိနေခွင့်တစ်ခုပဲ..

ဒန်နရယ် တိုးတိတ်စွာ ရင်ထဲမှ ရွတ်ဆိုမိသည်။ တကယ်ပင် ဖရက်ဒီ သူ့ကိုတစ်ယောက်တည်း ထားခဲ့ပြီဖြစ်သည်ကို နာကျင်လွန်းစွာ လက်ခံလိုက်ရသည်။

"သခင်..."

အပြာရောင်တောင်ပံများနှင့် ရေနတ်သားသည် ဒန်နရယ့်နောက်တွင်ရှိနေသည်။ ရေနတ်သား၏လက်ထဲတွင် ကြောက်ရွံ့တုန်လှုပ်နေသော လေနတ်သားရှိနေသည်။

ဒန်နရယ် လှည့်မကြည့်။

ဖရက်ဒီရှိနေသည့် ဝေးလံလွန်းလှသည့် မီးတောင်ရှိနေရာသို့သာ စိုက်ကြည့်နေသည်။ အောက်ဖက်မှာရှိသော မြေပြင်ကို ထုတ်ချင်းဖောက်မြင်နိုင်သည်အထိ ဖရက်ဒီ့တစ်ကိုယ်လုံး ကြည်လင်နေပြီဖြစ်သည်။ တဖြည်းဖြည်း လုံးဝ ပျောက်ဆုံးသွားတော့မည်ပဲဖြစ်သည်။

Black AngelWhere stories live. Discover now