Part 30

15.1K 1.7K 83
                                    

တယ်ရာ၏ အခန်းသည် ရွာငယ်မှ အခြားလူများနေထိုင်ရာ အခန်းငယ်များနှင့် အတော်ပင်အလှမ်းဝေးကာ ထောင့်စွန်းစွန်မှာရှိနေခြင်းဖြစ်သည်။ ဒန်နရယ်နှင့် တယ်ရာတို့နှစ်ယောက်ရှိရာ အခန်းနှင့် သိပ်မဝေးသည့် မြေအောက်အခန်းငယ်လွတ်တစ်ခုကိုရွေးကာ ဖရက်ဒီ ခြေပစ်လက်ပစ် ထိုင်လိုက်သည်။

အသုံးမပြုတော့သည်မှာ ကြာပြီဖြစ်သော အခန်းငယ်သည် နံရံများမှ ကွာကျလာသော ကျောက်တုံးကျောက်ခဲငယ်များနှင့် ပြည့်နေသည်။ မြေအိုးကွဲစ တစ်ချို့မှာလည်း အခန်းထောင့်မှာ ရှိနေသည်။ အခြားအခန်းငယ်များလို မြေပြင်ကြမ်းခင်းပင်ဖြစ်ပြီး နီညိုရောင်သဲမြေသည် ချိုင့်ခွက်များနှင့် မညီမညာဖြစ်နေသည်။

ဒီအတိုင်းရှေ့ဆက်သွားလို့တော့မဖြစ်ဘူး.. ငါဒီလောက်ဆာနေရင် ဒန်နရယ့်အတွက်ပါ အန္တရာယ်ရှိနိုင်တယ်..

တိတ်ဆိတ်သော အခန်းငယ်အတွင်း ဖရက်ဒီ တစ်ယောက်တည်း တွေးမိသည်။ ဆာလောင်မွတ်သိပ်မှုသည် တဖြည်းဖြည်း တိုးဝင်လာသော မီးတောက်တစ်ခုလို သူ့ကိုယ်တွင်းမှနေ၍ တစ်ကိုယ်လုံးကို ပျံ့နှံ့ လောင်ကျွမ်းလာနေသည်။

လက်ရှိ အခန်းထဲမှဖောက်ထွင်းကာ တစ်ရွာလုံးရှိလူများကို ဖရက်ဒီ စူးစိုက်ကြည့်လိုက်သည်။ ရွာသူရွာသားများ၏ အများစုမှာ မိန်းမများ၊ ကလေးများနှင့် အသက်ကြီးသူများဖြစ်ကာ လူငယ် နှစ်ယောက် သုံးယောက်သာရှိသည်။ ထိုလူငယ်များသည်လဲ ၁၇ နှစ်နှင့် ၁၈ နှစ်လောက်ပင်ရှိဦးမည်ဖြစ်သည်။

သူနှင့်အခန်းလေးခန်းထက်အကျော်တွင်မူ အသက်အတော်ကြီးဟန်တူသည့် အဘွားအိုတစ်ယောက်ရှိနေသည်။ သူမဘေးတွင် ရှစ်နှစ်အရွယ်ခန့်ကလေးတစ်ယောက်ရှိနေပြီး ကျောက်ခဲများနှင့်ဆော့ကစားနေသည်။ ရောဂါတစ်ခုကို ကြာရှည်ခံစားနေရသည့်နှယ် အဘွားအို၏ နှလုံးမှာ ဖြည်းညှင်းခက်ခဲစွာ ခုန်ပေါက်နေသည်။

အင်း.. ဒီအဘွားကိုပဲရွေးရမယ်နဲ့တူတယ်..

ဖရက်ဒီ စိတ်မသက်သာစွာ သက်ပြင်းချရင်း ကလေးငယ်ထွက်ခွာသွားမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ သိပ်မကြာလိုက်။ အခြားကလေးငယ်တစ်ယောက်၏ ခေါ်သံအဆုံးမှာ အဘွားအိုဘေးနားမှ ကလေးငယ်မှာ ကျောက်ခဲများကို ပစ်ချပြီးအခန်းအပြင်သို့ ပြေးထွက်သွားပြီဖြစ်သည်။

Black AngelWhere stories live. Discover now