အမျိုးသမီး၏ မျက်လုံးများသည် မီးတောက်တစ်ခုလို နီရဲပြူးကျယ်နေပြီး တစ်ကိုယ်လုံး တုန်ရင်ကာ ကြောက်မက်ဖွယ် ရင်ခေါင်းသံကြီးနှင့် ကျယ်လောင်စွာ အော်ဟစ်လာသည်။
"ဂါး..."
"အဘ.. ဟို ဟို.. မိန်းမကြီးမသေသေးဘူး..."
ကလေးငယ်ဖေဒေ၏ ဒူးများမှာ ကြောက်ရွံ့မှုကြောင့် ထိန်းမရအောင် တုန်လာသည်။
"မဟုတ်ဘူး ဖေဒေ.. ရက်ရက်စက်စက် အသတ်ခံရလို့ သူ့ဝိညာဉ်ဟာ မလွတ်မြောက်နိုင်ဘဲ သရဲအဖြစ် ပြန်ရှင်လာတာ.. အခုနက အဘရဲ့ မေတ္တာပို့တာတွေဟာ အရာမရောက်ခဲ့ဘူး.."
အဘိုးအိုသည် ရင်ခွင်ထဲမှ ကလေးငယ်ကို ဖေဒေ့လက်ထဲသို့ ပြောင်းထည့်လိုက်ကာ နှစ်ယောက်စလုံးကို သူနှင့်ဝေးရာသို့ တွန်းပို့လိုက်သည်။ သာမာန်ဆိုလျှင် သူ၏ မေတ္တာပို့ဆုတောင်းခံရသူတိုင်း၏ ၀ိညာဉ်သည် မြေအောက်ကမ္ဘာသို့ရောက်သွားလေ့မရှိ။
ထိုသေဆုံးသွားသော မိန်းမငယ်သည် အင်မတန်ဆိုးရွားစွာဖြင့် အဆင့်မြင့်နတ်ဆိုးတစ်ကောင်ကောင်၏ ၀ိညာဉ်နှုတ်ခံရ၍သာ ယခုလို ပြန်လည်ရှင်သန်လာနိုင်ခြင်းဖြစ်ဟန်တူသည်။
"ဂါး........."
မိန်းမငယ်ဖြစ်ခဲ့သော သရဲမ မှာ နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမကိုယ်ထဲ စိုက်ဝင်နေသော ဆူးချွန်များကို ဆွဲနှုတ်လိုက်သည်။
သူမ၏ ကိုယ်ခန္ဓာမှ သွေးများမှာ ရေပန်းတစ်ခုလို ပန်းထွက်ဖြာကျကာ ပတ်ဝန်းကျင်တစ်ခုလုံး ရဲရဲနီသွားသည်။ ၀မ်းဗိုက်မှ ဆူးချွန်ရှည်ကိုမူ မထုတ်တော့ဘဲ သစ်ပင် ပင်စည်မှ ရုန်းထွက်လိုက်သည်။ ထို့နောက် မျောက်တစ်ကောင်လို ခုန်ဆင်းလာကာ အဘိုးအိုနှင့်မလှမ်းမကမ်းတွင် ဆူးချွန်တန်းလန်းနှင့် ဒူးတစ်ဖက်ထောက်ကာ ကျလာသည်။
"မိန်းကလေး ငါတို့ကို ဒုက္ခမပေးပါနဲ့... မင်းရဲ့သားလေးကို ငါတို့စောင့်ရှောက်ပေးသွားမယ်.. အခု လမ်းဖယ်ပေးပါ.."
အဘိုးအိုမှာ စိတ်ထဲမှ မေတ္တာမပြတ်ပို့ကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
KAMU SEDANG MEMBACA
Black Angel
Fantasi(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee