Part 8 (Unicode)

11.9K 1.2K 43
                                    

ဆောင်းဦးမနက်ခင်းနေခြည်သည် တောက်ပစွာ ထွန်းလင်းနေသည်။ မြင့်တက်လာသော နေမင်းနှင့်အတူ ရေကြည်ကန်ငယ်သည် ကောင်းကင်ပြာရောင်ဟပ်ကာ ပြာလဲ့နေသည်။ ကြီးမားတုတ်ခိုင်သော ပင်စည်ကြီးများကို ပိုင်ဆိုင်သည့် သစ်အယ်သီးပင်များမှာ ဆောင်းဦးပေါက်ချိန်တိုင်း ဝေဆာစွာ သီးပွင့်မြဲဖြစ်သည့် အစိမ်းရောင်၊ အညိုရောင် စူးချွန်များဖြင့် ဖုံးအုပ်ထားသည့် သစ်အယ်သီးများဖြင့် ပြည့်နှက်နေသည်။

အဘိုးအို မာစီမှာ လူ့အရိုးဖြင့် ပြုလုပ်ထားသော တောင်ဝှေးဖြူကို ထောက်ရင်း ခါးကိုင်းကိုင်းဖြင့် ဖရက်ဒီနားမှာ ရပ်နေသည်။ မာစီသည် အောက်လမ်းမှော်အတတ်များကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည့် လူသား မှော်ဆရာအဘိုးအိုတစ်ယောက်ဖြစ်သည်။ စေတန်မာနတ်နားတွင် ကြာမြင့်စွာ အသက်ရှင်နေနိုင်သည့် တစ်ဦးတည်းသော လူသားဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

အခုရက်ပိုင်းအတွင်း နေ့အချိန်ရော ညအချိန်ပါ ဖရက်ဒီကို အဘိုးအို ရှာမတွေ့။ တစ်ခါတစ်ရံ လျှက်တစ်ပြက် တွေ့လိုက်ရလျှင်လည်း မိနစ်ပိုင်းအတွင်း ပြန်ပျောက်သွားပြန်သည်ပဲဖြစ်သည်။ သာမာန်လူသားတစ်ယောက်ထက် ပိုသည့် စွမ်းအင်မရှိသော ဖရက်ဒီတစ်ယောက် အခုလို ရုတ်တရက် ပျောက်ကွယ်နိုင်သည်ကို သူ နားမလည်။

"သခင်လေး.. အခုတလော ဘယ်တွေသွားနေတာလဲ.. ကျွန်တော်မျိုး ရှာလို့ကို မတွေ့တော့ဘူး...."

"ကျွန်တော် ဒီကျောက်ဆောင်တွေကို ကျော်ပြီးအပြင်မထွက်ရင် ပြီးတာပဲ မဟုတ်လား.. အလကား စိတ်ပူမနေစမ်းပါနဲ့..."

ဖရက်ဒီ အဘိုးအိုကို ခပ်ဆတ်ဆတ်ပြန်ဖြေကာ ကျောခိုင်းထွက်လာခဲ့သည်။ ဘာ့ကြောင့်မှန်းမသိသော်လည်း ယခင်ကထက်စာလျှင် သူ့စွမ်းအားများ တိုးတက်လာနေသည်ကို အဘိုးအိုကိုရော ဂေါဒနတ်ဆိုးကိုပါ မသိစေချင်။ ဂေါဒကတော့ အခုအချိန်အထိ ပြန်မလာသေး။ အစာကို ရိုးရိုးတန်းတန်း စားသည်မဟုတ်ဘဲ သားကောင်ကို ရွေးကာ နေ့ရက်ရှည်ကြာစွာ နှိပ်စက်ပြီးမှ အရသာခံစားသုံးတတ်သော ထိုနတ်ဆိုးအကျင့်ကြောင့် တစ်ခါအပြင်ထွက်လျှင် ရက်အတော်ကြာမှ ပြန်လာတတ်သည်။ အဘိုးအိုမာစီ၏ မြင်ကွင်းကွယ်မှ ဖရက်ဒီ ပေါ့ပါးသွက်လက်စွာ ကျောက်ဆောင်များပေါ် ခုန်တက်လာခဲ့သည်။ ဒန်နရယ်ရှိရာ ကျောက်ဂူဝသို့ အချိန်အနည်းငယ်အတွင်း ရောက်လာခဲ့သည်။

Black AngelWhere stories live. Discover now