Part 19 (Unicode)

8.2K 992 35
                                    

အစိမ်းရောင် သံလွင်ပင်များသည် တောင်ကုန်းငယ်တစ်လျှောက် တစ်ပင်နှင့်တစ်ပင် အကွာအဝေးတူညီစွာ ပေါက်ရောက်နေသည်။ ညိုမှောင်သော ပင်စည်များမှာ တုတ်ခိုင်သန်မာစွာ တွန့်လိမ်နေပြီး ကြီးမားသော ရေသောက်မြစ်များကလည်း တောင်ကုန်းမြေထဲသို့ နက်ရှိုင်းစွာ တိုးဝင်နေကြသည်။

သံလွင်ပင်များကြားတွင် ဓါးရေးလေ့ကျင့်နေသော ဒန်နရယ်၏ ချောမောသော မျက်နှာမှာ ချွေးစက်များ တွဲခိုနေသည်။ အတန်ငယ်ရှည်သော သံဓါးကို ညာဖက်လက်ဖြင့်ကိုင်ထားကာ ဘယ်ဖက်လက်တွင်မူ တစ်ကိုယ်လုံးကို ကာပေးထားနိုင်သည့် အနီရောင်သံဒိုင်းတစ်ခုရှိနေသည်။ ဒိုင်းအလယ်ခေါင်တွင် အမည်းရောင် အဖုတစ်ခုရှိနေပြီး ဘေးတစ်ဖက်တစ်ချက်တွင် လေးကိုင်းပုံစံ အမည်းရောင်ဆေးသုတ်ထားသည်။ ဒန်နရယ်၏ ဝတ်ရုံဖြူ၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေကာ နားထင်မှ ချွေးစီးကြောင်းတစ်ခုမှာလည်း စီးကျနေသည်။ သံလွင်ပင်များကို ကွေ့ပတ်လေ့ကျင့်နေရာမှ ရိပ်ခနဲမြင်လိုက်ရသော အရိပ်ကြောင့် နောက်လှည့်ကြည့်လိုက်သည်။

"အဘိုးကြီး...ခင်ဗျားလာပြန်ပြီလား..."

"မင်းတစ်ယောက်တည်း လေ့ကျင့်နေရတာ မပျင်းဘူးလား..ငါမင်းကို ကူပြီးလေ့ကျင့်ပေးမယ်.."

အဘိုးအိုမာစီမှာ တောင်ဝှေးကို ပတ်ချာလှည့်ကာ ဒန်နရယ့်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ဖြေသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော လေတိုးသံနှင့်အတူ သူ့ခေါင်းရှိရာသို့ ရိုက်ချလာသော အဘိုးအို၏ တောင်ဝှေးကြောင့် ဒန်နရယ် လျှင်မြန်စွာ ဓါးနှင့်ပင့်ခံလိုက်ရသည်။

'ချွင်..'

ကျယ်လောင်သော ထိတွေ့သံနှင့်အတူ အဘိုးအို၏ ပြုံးစိစိမျက်နှာကိုကြည့်ကာ ဒန်နရယ် စိတ်တိုသွားသည်။

"ကျွန်တော်က ခင်ဗျားအသက်ကြီးလို့ ညှာနေတာ.. ဒီလောက်နာချင်နေရင်လည်း မညှာတော့ဘူး.."

ဒန်နရယ်၏ ဓါးချက်များကို အဘိုးအိုမာစီမှာ တောင်ဝှေးရှည်ဖြင့် လျှင်မြန်စွာ ပတ်ထုတ်လာခဲ့သည်။ အသက်ကြီးပြီး အားနည်းမည့် အဘိုးအိုဟု ဒန်နရယ် ထင်ထားခဲ့သည်မှာ မှားကြောင်း ဒန်နရယ်၏ ဒိုင်းကို ထိတွေ့လာသော အဘိုးအို၏ အားပြင်းလှသည့် တောင်ဝှေးချက်များက သက်သေပြနေသည်။ အရှိန်ပြင်းစွာ တိုးဝင်လာသော တောင်ဝှေးကို ကာကွယ်ရန် ဒိုင်းကိုကိုင်မြှောက်ရသည်မှာ အချိန်ကြာလာသည်နှင့်အမျှ လက်များ ညောင်းညာလာသည်။

Black AngelWhere stories live. Discover now