Part 55 R-M

27.8K 1.7K 81
                                    

နှင်းစက်များသည် အရှိန်ပြင်းစွာ ဆက်လက်ကျရောက်နေဆဲဖြစ်သည်။ မြင့်မားသော ထင်ရှူးပင်ကြီးများပေါ်တွင် တင်ကျန်နေသော နှင်းပွင့်များမှာ အချိန်ကြာလာသည်နှင့်အမျှ အထပ်ထပ်တိုးလာနေသည်။ အကိုင်းအခက်များသည် နောက်ဆုံးမှာတော့ နှင်းပွင့်များ၏ လေးလံမှုကို လက်မခံနိုင်တော့သလို ကိုင်းညွှတ်ခါချလာကြသည်။

ဖရက်ဒီ၏ ရင်ခွင်ကို မှီထိုင်နေကာ မရပ်စဲနိုင်လောက်အောင် ဆက်တိုက်ကျဆင်းနေသော နှင်းပွင့်များကို ဒန်နရယ် ငေးကြည့်နေသည်။ ဖရက်ဒီ၏ လက်များသည် သူ့ခါးနှစ်ဖက်မှ ၀ိုက်ကာ တစ်ကိုယ်လုံးကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်။

"ဖရက် ကျွန်တော်နဲ့ မာစီပြောနေတာတွေကို ကြားတယ်မဟုတ်လား.."

"ဘာအကြောင်းလဲ.. ဒီအဘိုးကြီး ဒီလောက်စကားများတာ.. ငါ အကုန်လုံး လိုက်မှတ်မထားနိုင်ဘူး.."

"ခင်ဗျားအမေဘယ်သူဆိုတဲ့အကြောင်း..."

ဖရက်ဒီ အတန်ကြာအောင် အသံတိတ်သွားပြီးမှ ခပ်တိုးတိုးဖြေသည်။

"ငါကြားတယ် ဒန်နရယ်.. ငါဘယ်လောက်မေးမေး မာစီ ဘယ်တုန်းကမှ မဖြေခဲ့ဘူး.. အခုမင်းကို ပြောပြလာတော့ ငါအံ့သြနေတာ..."

"ခင်ဗျား ဘယ်လိုဆက်လုပ်မလဲ.."

"ငါသိတယ် ကောင်လေး.. တစ်နေ့နေ့မှာ ငါ့အဖေရဲ့လမ်းကိုပဲဖြစ်ဖြစ် ငါ့အမေရဲ့ လမ်းကိုပဲဖြစ်ဖြစ် ရွေးရမယ်ဆိုတာ..."

"ရွေးစရာမလိုပါဘူးဗျာ.. ကိုယ့်လမ်းကိုကိုယ်ရွေးတာ အကောင်းဆုံးပါ.. ခင်ဗျားက ဖရက်ဒီလေ... စေတန်မဟုတ်သလို နတ်ဘုရားမလည်းမဟုတ်ဘူး.."

ဖရက်ဒီ ပြုံးကာ ဒန်နရယ်၏ နှင်းရည်စိုနေသော ဆံပင်နက်များကို ကြာမြင့်စွာ ငုံ့နမ်းမိသည်။

"ငါ မင်းကို အရမ်းချစ်မိတဲ့ထဲမှာ မင်းရဲ့ဒီလိုထူးဆန်းလွန်းတဲ့ စိတ်နေစိတ်ထားကြောင့်လည်းပါတယ်..."

"ဘာဖြစ်လို့လဲ... ကျွန်တော်ပြောတဲ့ထဲမှာ ထူးခြားတာ ဘာမှမပါ ပါဘူး.."

"ဒါက မင်းထင်တာလေ.. ငါ့အဖေ ဘယ်သူဆိုတာသိရင် မင်းငါ့ကို အလိုလိုမုန်းမှာပဲလို့ ငါအရင်က ထင်ထားတာ..."

Black AngelWhere stories live. Discover now