အပိုင်း(၁၅)_ကယ်တင်ရှင် ကောင်ဆိုးလေး
ရှင်းသန့်ကို တစ်ယောက်တည်း ညလမ်းမီးတိုင်တို့အောက်လျှောက်လာရင်း အေးစိမ့်စိမ့်လေထုက ဖြတ်ပြေးသွားတာကြောင့် ဝတ်ထားတဲ့ ဂျာကင်အပါးလေကို တင်းတင်းဆွဲစေ့ရင်း လက်ပိုက်ထားလိုက်သည်။ လမ်းတစ်လျှောက် ငြိမ်သက်တိတ်ဆိတ်လျက်ရှိကာ သူတစ်ယောက်တည်း၏ ခြေသံကသာ ပဲ့တင်ထပ် ထွက်ပေါ်လျက်ရှိပေသည်။ လူခြေပြတ်လွန်းသည့် ပတ်ဝန်းကျင်နှင့် အချိန်ကာလကို သတိထားမိတော့ ရှင်းသန့်ကိုစိတ်ထဲ ကြောက်လန့်ခြောက်ခြားမှုတို့ အလုအယက်တိုးဝင်လာတော့သည်။
"တကယ်ဆို ဒီလောက်နောက်ကျမှ လူနာကြည့်ဖို့ထွက်မလာသင့်ဘူး"
တစ်ကိုယ်တည်း ခပ်တိုးတိုးဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်စကားဆိုလိုက်ရင်း အားတင်းကာ ခြေလှမ်းတို့ကို အရှိန်တင်လိုက်မိသည်။
"ဘုတ်..."
"ဟာ..."
"တောက်..."
အာမေဋိတ်သံတို့က မရှေးမနှောင်းပင်ဆက်တိုက်ထွက်ပေါ်လာကြသည်။ ဘာဖြစ်မှန်း သဲသဲကွဲကွဲ မသိရသေးခင်မှာပင် လူက ခြေလှမ်းအနည်းငယ်လောက် နောက်သို့ ယိုင်သွားခဲ့ရသည်။ ရှင်းသန့်ကို ဟန်ချက်ပြန်ထိန်းလိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်တော့ လမ်းချိုးမှ ရုတ်တရက် ထွက်လာသည့် လူနှစ်ယောက်ကို ဝင်တိုက်မိခြင်း ဖြစ်သည်။
"ဆောရီး..."
နှာခေါင်းထဲ တိုးဝင်လာသည့် ခပ်ပြင်းပြင်း အရက်နံနှင့်အတူ လူကောင်းရုပ်မပေါက်သည့် ဥပတိရုပ်နှင့် ထိုလူနှစ်ယောက်ကို ရေရှည်မဆက်ဆံလိုသောကြောင့် ခပ်မြန်မြန်ထက်ခွာဖို့ ပြင်လိုက်သော်လည်း မအောင်မြင်ခဲ့ချေ။
"ဟေ့ မင်းက ဘာရန်စတာလဲ"
ညာဘက်ပခုံးကို ဖမ်းဆုတ်လိုက်တဲ့ သန်မာတဲ့ လက်ကြောင့် ရှင်းသန့်ခေါင်းထဲ အချက်ပေးခေါင်းလောင်းတို့ မြည်ဟီးသွားရသည်။ သူအမြန်ပင်ရုန်းဖယ်လိုက်သော်လည်း မျက်နှာဆီပြေးဝင်လာတဲ့ လက်သီးကို ရှောင်ရင်း ဟန်ချက်ပျက်ကာ နောက်ပြန်လဲကျသွားသည်။ ဘယ်ဘက်ပခုံးမှာ လွယ်ထားတဲ့ သားရေအိတ်အညိုလေးလည်း လွှင့်ကျသွားသည်။

YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...