အပိုင်း(၄၇)_လာရောက်တွေ့ဆုံခြင်း
စစ်ပိုင် ဒီထောင်ထဲကိုရောက်နေသည်မှာ သုံးလနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ သူ့စိတ်တွေ ဖြည်မဆည်နိုင်သေးသည်ကလွဲ၍ ကျန်တာအားလုံးနေသားတကျ ဖြစ်ခဲ့ပြီဖြစ်သည်။ နေထိုင်ဖြတ်သန်းနေရသည့် ဒီနေ့ရက်များအတွင်း စစ်ပိုင်သည် တစ်ယောက်တည်း ငေးမှိုင်နေခဲ့သည်ကများ၏။ မည်သူနှင့်မျှ စကားပြောဆို ဆက်ဆံခြင်းမရှိခဲ့သည့်အပြင် မည်သည့်ကိစ္စကိုမျှ စိတ်ထဲမထည့်ဘဲနေခဲ့သည်မှာ တစ်ခန်းတည်းနေရသည့် အခန်းဖော်များ၏ နာမည်ကိုပင် မသိသည်အထိပင် ဖြစ်သည်။ ထောင်ဆရာဝန်၏ ပြောပြချက်အရ စစ်ပိုင်သည် စိတ်ကျရောဂါရနေခြင်း ဖြစ်လေသည်။
လေးဘက်လေးတန်ကာရံထားသော အုတ်နံရံအမြင့်ကြီးတို့အလယ် နေထိုင်နေရသော်ငြားလည်း စစ်ပိုင်၏ စိတ်အတွေးများကမူ ဘယ်ဆီဘယ်ဝယ်မဆိုနိုင်အောင် လွှင့်ပါးနေလေသည်။ ယခုတွေးနေမိသည်ကမူ ယနေ့မနက်စောစောက ရောက်လာခဲ့သည့် သူ့ရှေ့နေထံမှ စာရွက်စာတမ်းများအကြောင်းဖြစ်လေသည်။
သူထောင်ကျတော့ ကျန်ရစ်သည့် သူ၏ပိုင်ဆိုင်မှုများနှင့် ကိုထွဋ်ချန်ရစ်သည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းများ ဖြစ်လေသည်။ တရားမဝင်လုပ်ငန်းများနှင့် မှောင်ခိုနှင့်ဆက်စပ်နေသော လုပ်ငန်းများအားလုံးမှာ သိမ်းဆည်းခံလိုက်ပြီးဖြစ်သော်လည်း ကင်းလွှတ်သည့် လုပ်ငန်းအချို့နှင့် ပိုင်ဆိုင်မှုများကျန်ရစ်နေသေးသည်။ ကိုထွဋ်ခေါင်သည် ကျန်ရစ်ခဲ့မည့် သူ့အတွက် စိုးရိမ်ပူပန်ခဲ့ဟန်တူသည်။ စစ်ပိုင်နာမည်အောက်တွင် ဥပဒေဘောင်တွင်းက ပိုင်ဆိုင်မှုတော်တော်များများ ချန်ရစ်ထားခဲ့လေသည်။
"ကျွန်တော့် အတွက်အဲ့လောက်တောင် ဖြည့်ဆည်းပေးခဲ့တာလား... ကိုထွဋ်"
မြင့်မားလွန်းလှသော ခြံစည်းရိုးကြီးတို့ အလွန်တွင်မြင်နေရသည့် ကောင်ကင်ပြာကြီးသည် တိမ်ကင်းစင်လျက်ရှိနေသည်။ မတ်လလယ် နွေဦးရာသီဖြစ်သဖြင့် နွေလေရူးက စိတ်ရူးပေါက်ကာ သောင်းကျန်းနေလေသည်။ လေအဝှေ့မှာ ကြွေရွက်တို့ လွှင့်ပါသွားကြရသည်။ သူသည်လည်း ရွက်ကြွေတစ်ရွက်သာဖြစ်ကြောင်း သတိရလိုက်မိသဖြင့် စစ်ပိုင် နာနာကျင်ကျင် ရယ်မောပစ်လိုက်မိသည်။
YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...