-2-

3.3K 322 18
                                        

အပိုင်း(၂)_မိုးရေစက်အောက်၌ ခွဲခွာကြရခြင်း

(၃)နှစ်ခန့်ကြာပြီးနောက်
(၂၉) ရက်၊ မေလ၊ (၁၉၉၈) ခုနှစ်။

မိုးအုံ့လို့နေသည့် နေညိုညိုညနေခင်းတွင် သစ်ရွက်ကလေးတို့ ငြိမ်သက်ကာ အိန္ဒြေကြီးနေကြသည်။ နေမင်းကြီးကလည်း အနောက်ကျွန်းကို မေးတင်နေသည့်တိုင်အောင် လောကကြီးကို မခွဲနိုင်ရက်စွာ နေခြည်ရောင်ဝါတို့ကို အစွမ်းကုန်ထုတ်လွှတ်နေလေသည်။ လေပြည်မတိုးသည့် နေဝင်ချိန်ဖြစ်သောကြောင့် အနည်ငယ်ပူလောင်မှုကို ခံစားနေရသည်။

လမ်းထောင့်ရှိ ကစားကွင်းလေးထဲတွင် ဆော့ကစားမည့်ကလေးငယ်တို့ မရှိသောကြောင့် ငြိမ်သက်တိတ်ဆိတ်လျက်ရှိနေသည်။ ထိုကစားကွင်းလေးထဲတွင် အသက်ဆယ့်လေးနှစ် ဝန်းကျင်ခန့်အရွယ်ရှိသော ကောင်လေးနှစ်ယောက်သာ ရှိနေလေသည်။

“ဘာပြောမလို့ခေါ်တာလဲ ဇာနည်”

ဒန်းလေးပေါ်မှာ ငြိမ်သက်စွာထိုင်နေသော ဖြူဖျော့ဖျော့ ကောင်လေးထံမှ စကားသံတိုးတိုးလေး ထွက်ပေါ်လာလေသည်။

“ဘာလို့ ကျောင်းမတက်တာလဲ... ကိုယ်စိတ်ပူနေတာ”

တိုင်ကိုမှီကာ မတ်တပ်ရပ်နေသည့် ရဲဇာနည်မာန် အမည်ရှိ ကောင်လေးက ဒန်းလေးကို ဖြည်းဖြည်းလေးလွှဲပေးရင်း မေးလိုက်သည်။

“အိမ်မှာ ညီငယ်တစ်ယောက်ထဲဖြစ်နေလို့ပါ”

“ပြဿနာတစ်ခုခုရှိနေလို့လား ယုန်ဖြူလေး”

“ဟင့်အင်... ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း...”

မေမေပြန်မလာတာနှစ်ရက်ရှိပြီလို့  ယုန်ဖြူလေး ပြောပြလိုက်ချင်ပေမဲ့လည်း မပြောဖြစ်ဘဲ ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်မိသည်။ ဒန်း‌ပေါ်မှာ ထိုင်နေသည့် ယုန်ဖြူလေးက ဘာမှပြန်မဖြေဘဲ ခေါင်းငုံကာ နေနေတော့ ရဲဇာနည် ဒန်းလေးရှေ့မှာ ဒူးထောက်ကာထိုင်လိုက်သည်။

“ပြဿနာတစ်ခုခုရှိရင်ကိုယ့်ကိုပြော၊ ကိုယ်မင်းအတွက်အမြဲရှိနေမယ်နော် ဟုတ်ပြီလား”

ရဲဇာနည် နူးညံ့စွာပြောတော့ ခေါင်းငုံ့ကာ ငြိမ်ငြိမ်လေးထိုင်နေသည့် ယုန်ဖြူလေးက ခပ်ဖွဖွလေး ခေါင်းညိတ်ပြရှာလေသည်။

“ကိုယ့်ကို မိဘတွေက နိုင်ငံခြားလွှတ်မလို့တဲ့”

မဝံ့မရဲစကားသံအဆုံးတွင် အရည်လဲ့နေသော မျက်ဝန်းတစ်စုံဖြင့် မော့ကြည့်လာသည့် ယုန်ဖြူလေးကြောင့် ရဲဇာနည်ရင်ထဲက စူးအောင့်လာသည်။ အရောင်မှိုင်းမှိုင်း မျက်ဝန်းနက်တို့သည် အားငယ်စိုးထိတ်ခြင်းအရိပ်တို့ စွန်းထင်းလျက်ရှိနေသည်။

“ဘယ်တော့လဲ”

ပြန်မေးလာသော ယုန်ဖြူလေး၏ အသံသည် တိုးလျနေသည့်အပြင် အနည်းငယ်တုန်ရီနေသည်။

“ရှေ့လထဲမှာ”

“‌ဪ...”

မည်သည့်စကားမှ ဆက်ပြောမလာဘဲ အသာအယာခေါင်းပြန်ငုံ့သွားပြီး ဖြူသွယ်သွယ်လက်ချောင်းရှည်တို့ကိုသာ အချင်းချင်း ပွတ်ချေနေတော့သည်။ အဖြူဖျော့ဖျော့ လက်ဖမိုးပေါ်မှ အကျည်းတန်လှသော ဒဏ်ရာကြီးကို မြင်မိတော့ ရဲဇာနည် အလွန်စိတ်မကောင်းဖြစ်ရပြန်သည်။ သူဒီလောက်ထိ ကာကွယ်ပေးနေတဲ့ကြားက ဒီအခြေအနေကို ဖြစ်သွားရသေးသဖြင့် ရဲဇာနည် ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်။ သေးသေးသွယ်သွယ် ခန္ဓာကိုယ်အချိုးအစားနှင့် ဖြူဖွေးနုဖတ်နေသော အသွင်သဏ္ဍာန်ရှိသည့် ယုန်ဖြူလေးသည် လူနုသလို စိတ်ကလည်း ယုန်ဖြူ‌လေးတစ်ကောင်လို နုနယ်လှသဖြင့် သူများအနိုင်ကျင့်စရာဖြစ်ခဲ့သည်။

“အမာရွတ်တော့ အကြီးကြီးကျန်ရစ်တော့မှာပဲ၊ ဆေးရောမှန်မှန်ထည့်ရဲ့လား...”

ရဲဇာနည် ယုန်ဖြူလေး၏ ဖြူဖြူသွယ် လက်ကလေးကို ဖွဖွလေးကိုင်ရင်း ဘယ်ဘက်လက်ဖမိုးပေါ်က အကင်းသေစ ဒဏ်ရာကြီးကို နူးနူးညံ့ညံ့တို့ထိကြည့်ရင်း စိတ်မကောင်းကြီးစွာဖြင့် မေးလိုက်သည်။

“အင်း...”

“ကိုယ် တောင်းပန်ပါတယ်၊ ကာကွယ်မယ်လို့ပြောပြီး မကာကွယ်နိုင်ခဲ့ဘူး”

“ဇာနည်ရဲ့အမှားမဟုတ်ပါဘူး”

ယုန်ဖြူ‌လေးရဲ့ လက်သွယ်သွယ်လေးတွေသည် သူမျက်နှာကို ထိတွေ့ရင်း ညင်ညင်သာသာ စကားဆိုလေသည်။

“ကိုယ်မင်းကို ထားခဲ့ဖို့စိတ်မချဘူး ယုန်ဖြူလေး”

သူသာမရှိတော့ရင် နေမင်းသီဟ အမည်ရှိ သူချစ်ရတဲ့ ယုန်ဖြူလေးကို ကာကွယ်ပေးမည့်သူ မဲ့သွားလိမ့်မည်။ တွေးမိရုံနှင့်ပင် နှလုံးသားကို မီးမြိုက်သကဲ့သို့ပူလောင်လာရသည်။

“ရပါတယ်”

ယုန်ဖြူလေး၏ အသံသည် စိတ်ပျက်အားလျော့ခြင်းတို့ လွှမ်းခြံထားသည်ကို ရဲဇာနည် ခံစားလို့ရနေသည်။ အချိန်အတော်ကြာသည်အထိ နှစ်ယောက်ကြားတွင် တိတ်ဆိတ်ခြင်းတို့သာ ကြီးစိုးထားလျက် ငြိမ်သက်နေမိကြသည်။

“ဂျိန်း...”

မိုးကြိုးနတ်က ထစ်ချုန်းမာန်ဝင့်ကာ သတိပေးလာတော့မှ နှစ်ယောက်သား ပတ်ဝန်းကျင်ကို ကြည့်လိုက်မိကြသည်။ ကောင်းကင်တွင် တိမ်မည်းတို့ တလိပ်လိပ်တက်လာနေပြီး လောကကြီးကို သံယောစဉ်မပြတ်သည့် နေမင်းကြီးလည်း အလျင်အမြန် ဆုတ်ခွာသွားရပြီဖြစ်လေသည်။ ငွေဖြူရောင်လျှပ်စီးတို့နှင့်အတူ ငြိမ်သက်နေခဲ့သည့် လေထုက မိုးငွေ့မိုးသက်တို့ကို သယ်ဆောင်ကာ တိုက်ခတ်လာတော့သည်။

“သွားတော့မယ် ဇာနည်၊ အိမ်မှာ ညီငယ်တစ်ယောက်တည်းကျန်ရစ်တာ”

ယုန်ဖြူလေးသည် ဒန်းလေးပေါ်မှထပြီး နှုတ်ဆက်စကားဆိုလေသည်။

“မနက်ဖြန် ညနေလည်း ဒီမှာတွေ့ရအောင် ယုန်ဖြူလေး...”

“ကောင်းပြီလေ”

“ကိုယ်စောင့်နေမယ်နော်”

မိုးရေစက်တို့က အချိန်မဆိုင်းပါဘဲ တိမ်တိုက်တို့ဆီမှ ဇွတ်အတင်း ခုန်ချလာကြသည်။ မိုးတွေကကြားမှာ လှည့်ထွက်ဖို့ ဟန်ပြင်နေတဲ့ ယုန်ဖြူလေးကို ရဲဇာနည် ထပ်ပြောလိုက်သည်။

“မနက်ဖြန် ဒီမှာတွေ့မယ်၊ ဆက်ဆက်လာခဲ့နော်”

ယုန်ဖြူလေးသည် ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး မိုးရေတွေကြားထဲ ပြေးထွက်သွားလေသည်။ ယုန်ဖြူလေးရဲ့ ပုံရိပ်လေး မိုးရေစက်တွေကြားမှာ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားသည်အထိ ရဲဇာနည်ရပ်ကြည့်နေခဲ့မိသည်။

နောက်တစ်နေ့ ချိန်းထားသည့် အချိန်ကုန်လွန်သွားပြီး အလင်းရောင်ပျောက်သွားသည့်တိုင်အောင် ကစားကွင်းလေးထဲ၌ ရဲဇာနည် တစ်ယောက်ရှိနေခဲ့သည်။ ယုန်ဖြူလေးရောက်လာခဲ့ပေ။ နောက်တစ်နေ့တွင်လည်း အလားတူစွာပင် လာစောင့်နေခဲ့သော်လည်း မျှော်နေသူက ပေါ်မလာခဲ့ပေ။ လိပ်စာအတိုင်း လိုက်သွားရှာတော့လည်း ထိုနေရာတွင် နေထိုင်သူမရှိတော့။ နေ့ရက်အချို့ ကုန်လွန်သွားသော်လည်း နေမင်းသီဟ မည်သော ယုန်ဖြူလေးအား ထပ်မတွေ့ရတော့ပေ။ ထိုနေ့ညက နှုတ်ဆက်ခြင်းသည် နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ဟု ရဲဇာနည် မသိခဲ့ရသည်ကို နောင်တရမိတော့သည်။
*********************

ကောင်းကင်က လခြမ်းကွေးကွေးသည် မိုးတိမ်တို့ကြားတွင် မြှုပ်ချည်ပေါ်ချည်ဖြစ်နေရကာ ထွန်းလင်းတောက်ပရန် အခွင့်မသာရှာပေ။ Paradise မြို့ရှိ Drop အမည်ရှိသော ဆင်ခြေဖုံးရပ်ကွက်လေးသည် မှိန်ပြပြလျှပ်စစ်မီးရောင်တို့နှင့်အတူ လှုပ်ရှားသက်ဝင်လျက်ရှိနေသည်။ တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းဝေ့တိုက်လာသော လေအေးတို့ကြောင့် ခိုက်ခိုက်တုန်အောင်အေးစက်လျက်ရှိသည်။ မိုးဖွဲဖွဲရွာချနေသဖြင့် လူတိုင်းထီးကိုယ်စီဖြင့် သွားလာနေကြသော်လည်း အသက်(၁၄)နှစ်ခန့်အရွယ်ရှိ ကောင်လေးတစ်ယောက်ကတော့ ထီးမပါရှာပေ။

နှာတံစင်းစင်း မေးရိုးချွန်းချွန်းနှင့် သေသပ်လှပသောနှုတ်ခမ်းတို့ဖြင့် ချောမောလှသော ယုန်ဖြူလေးလေးသည် အရောင်လွင့်ပြယ်နေသော မိုးကာဂျာကင်အင်္ကျီနှင့် အဖာတစ်ရာဗရဗွဖြစ်နေသော ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူ့လက်ထဲတွင်အသက်(၆)နှစ်အရွယ်ခန့်ရှိသော ပါးဖောင်းဖောင်းလေးတို့နှင့် ချစ်စဖွယ်ကလေးငယ်လေးတစ်ယောက်ကို ပွေ့ချီကာ ရင်ဝယ်ပိုက်ထားသည်။

“အစ်ကို သား...ဗိုက်ဆာတယ်"

“အင်း... ညီငယ် ဗိုက်ဆာနေပြီလား”

တဂွီဂွီမြည်နေတဲ့ သူ့ဗိုက်ကို လစ်လျူရှုရင်းယုန်ဖြူလေး သူ့ညီငယ်ကို ပြန်မေးလိုက်မိသည်။ ကလေးငယ်က ခပ်ဖွဖွခေါင်းညိတ်ပြရင်း အဖြေပေးလိုက်တော့ သူ့အိပ်ထောင်လေးကို နှိုက်ကြည့်လိုက်မိသည်။ အကြွေတစ်စေ့မျှပင်မရှိတော့တဲ့ သူ့အိပ်ထောင်ဟောင်းလောင်းလေးက သူ့အားလှောင်ရယ်နေလေသည်။

အိမ်လခမပေးနိုင်သဖြင့် အိမ်ပိုင်ရှင်၏ နှင်ထုတ်ခြင်းကိုခံခဲ့ရသည်။ မေမေအိမ်ပြန်မလာခဲ့သည်မှာလည်း ရက်အတော်ကြာပြီဖြစ်သည်။ မေမေအလုပ်လုပ်ရာ မြို့လယ်ခေါင်က စားသောက်ဆိုင်ကို လိုက်သွားဖို့ အိမ်ကထွက်လာခဲ့ကြသည့် သူတို့ညီအစ်ကို နှစ်ယောက်ကို မိုးကမျက်နှာသာမပေးစွာ ခပ်ဖွဲဖွဲရွာချနေလေသည်။

မိုးသည်းမလာခင် မေမေ့ကိုတွေ့အောင်ရှာချင်သော်လည်း ဗိုက်ဆာတယ်ဟုဆိုလာသော ညီငယ်၏တောင်းဆိုချက်ကို လစ်လျူရှုရန် သူမစွမ်းသာပေ။ သူခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မီးတိုင်အောက်က ခုံတန်းလျားရှည်လေးပေါ်ကို ညီငယ့်ကိုချပေးလိုက်သည်။ ထို့နောက် သူဒူးထောက်ထိုင်ချလိုက်ပြီး ညီငယ့်ကို ညင်ညင်သာသာ စကားဆိုလိုက်သည်။

“ညီ အစ်ကို ညီကြိုက်တဲ့ချောကလက်ကွတ်ကီးလေး သွားဝယ်ပေးမယ်၊ ဒီမှာစောင့်နေနော်”

ခေါင်းလေးပွတ်ကာ ပြောလိုက်တော့ ပါးဖောင်းဖောင်းနှင့် ချစ်စဖွယ်ညီငယ်လေးက ခေါင်းညိတ်ပြရှာသည်။

“ညီ ဒီမှာ ခဏလေး စောင့်နေနော်... အစ်ကို ခဏနေပြန်လာခဲ့မယ်”

သူပြောပြီးလှည့်ထွက်ဟန်ပြင်တော့ သူ့လက်ကို ဖမ်းဆွဲထားတဲ့ လက်သေးသေးလေးတစ်ခု...။
လှည့်ကြည့်လိုက်တော့ ကြောက်ရွံ့အားငယ်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့ရင်ကိုဓားနဲ့ခွဲသလို နာကျင်စေသည်။

“အစ်ကို... သား သား ကြောက်တယ်”

ယုန်ဖြူလေး သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ညာလက်ရှိ နံ့သာသားပုတီးစေ့လေးတွေပါတဲ့ ဟန်းချိန်းကိုချွတ်ကာ ညီငယ့်လက်ထဲထည့်ပေးလိုက်သည်။

“မကြောက်နဲ့နော်၊ ဒါလေးက ညီငယ့်ကို ကာကွယ်လေးလိမ့်မယ်... ဟုတ်ပြီလား”

“အစ်ကို မြန်မြန်ပြန်လာခဲ့နော်...”

သူ ညီငယ့်ကိုခေါင်းညိတ်ပြုံးပြလိုက်ပြီး စျေးဆိုင်တန်းများဘက်သို့ ခပ်မြန်မြန်ပြေးထွက်လာခဲ့သည်။

သူခပ်တည်တည်နှင့် စတိုးဆိုင်လေးထဲဝင်လိုက်သည်။ ပိုင်ရှင်ကတော့ သူဖုန်းစားအလား စုတ်ပြတ်နေသောသူ့ကို အထင်သေးတဲ့ အကြည့်တို့ဖြင့် စိုက်ကြည့်လေသည်။ သူဟန်မပျက်ဘဲ မုန့်တွေကို ဟိုကြည့်ဒီကြည့် လုပ်နေလိုက်သည်။ ညီသိပ်ကြိုက်တဲ့ ချောကလက်ကွတ်ကီးထုပ်လေးကို ကိုင်ရင်း ဆိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။

ကောင်တာတွင် ငွေရှင်းသူများနေသောကြောင့် ဆိုင်ရှင်အလုပ်များနေသည်ကို အခွင့်ကောင်းယူကာ မုန့်ထုပ်လေးကို ခပ်တင်းတင်းပိုက်လိုက်ပြီး ဆိုင်ထဲမှထွက်ပြေးရန် တံခါးဝနားအရောက် ကံဆိုးစွာပင် ဆိုင်ရှင်သည် သူ့ကိုလှမ်းမြင်သွားလေသည်။

“ဟိတ် ကောင်လေး... မပြေးနဲ့...”

သူဆိုင်ထဲမှ တချိုးတည်းပြေးထွက်ခဲ့တော့သည်။ အနောက်မှဆိုင်ဝန်ထမ်းဟုထင်ရသူ သုံးယောက်ပြေးလိုက်လာနေသည်။ ကွတ်ကီးထုပ်လေးကို ပြုတ်မကျစေရန် ခပ်တင်းတင်းပိုက်ရင်း မိုးရေတွေကြားထဲချော်မလဲအောင် သတိထားပြီးပြေးလာခဲ့သည်။ အတန်ငယ်ကြာပြီးနောက် သူမောဟိုက်နွမ်းနယ်လာသည်။ မောလွန်း၍ အသက်ရှုရသည်ပင် ခက်ခဲလာသလိုထင်မိသည်။

“ဗုန်း...!!!”

မိုးရေတွေကြောင့် သူခြေချော်ကာ ပစ်လဲသွားသည်။ မောပန်းလွန်းနေတာကြောင့် သူလဲကျတဲ့နေရာမှာပင်ခဏထိုင်နေမိသည်။ ညသည်နက်သထက်နက်လာသောကြောင့် လူသွားလူလာပျက်လာသည်ကို သူသတိထားလိုက်မိသည်။ ညီငယ်ကြောက်နေရှာတော့မည်။ မြန်မြန်ပြန်ရန် သူကြိုးစားထလိုက်တော့ ခြေချင်းဝတ်ဆီက ခပ်ဆိုးဆိုးနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

“အ့!!!...”

နာကျင်နေသည်ကို လစ်လျူရှုရင်းခြေထောက်ထော့နဲ့နဲ့နှင့် ညီငယ်စောင့်နေသည့်နေရာသို့ ကြိုးစားပြီးလျှောက်လာခဲ့သည်။ အလန့်တကြားဖြင့် အတော်ဝေးဝေးကို ထွက်ပြေးလာခဲ့မိသောကြောင့် ညီငယ်လေးဆီကိုပြန်ရောက်ဖို့ အချိန်တော်တော်ယူနေရသည်။

“ရောက်ခါနီးပြီ”

သူ့ကိုယ့်သူအားပေးစကားပြောရင်း ထော့နဲ့နဲ့ဖြင့် လမ်းဖြတ်အကူး မြင်လိုက်ရသည့် မီးရောင်စူးစူးကြောင့် သူ့မျက်လုံးတွေ ပြာဝေသွားခဲ့ရသည်။ လေပေါ်တစ်ချက်မြောက်တက်သွားပြီးနောက် မြေပေါ်ပြန်အကျသည် နာကျင်မှုတို့ဖြင့် အတိပြီးနေခဲ့သည်။ ကားပေါ်မှဆင်းလာသူ၏ ပုံရိပ်ကို ခပ်ဝါးဝါးသာမြင်လိုက်ရပြီး သူအမှောင်ကမ္ဘာသို့ တိုးဝင်သွားတော့သည်။

“ကျွန်တော့်...ကို ညီငယ် စောင့်နေတယ်”

ကွက်ကီးထုပ်လေးကို တင်းတင်းဆုတ်ကိုင်ထားရင်း ပြောလိုက်သည့်သူ့အသံ ခပ်တိုးတိုးကိုဘယ်သူမှ မကြားလိုက်ပေ။ နာရီလက်တံလေးက မရပ်မနား တဖြည်းဖြည်းရွေ့လျက်ရှိသည်။ မိုးရွာထဲမှာ သူ့အစ်ကိုကိုစောင့်မျှော်နေတဲ့ ကလေးလေးလည်း ရှိုက်ငိုနေရှာလေပြီ။
******************
to be continued
TulipThinzar✍

The Dark Nights in the Rain Où les histoires vivent. Découvrez maintenant