အပိုင်း(၁၄)_မကြာခင်မှာ လက်ထပ်မယ်
ပြတိုက်ဝင်းအတွင်းရှိ စိမ်းစိုစိုမြက်ခင်းပြင်ထက်တွင် အဖြူရောင်စားပွဲဝိုင်းလေးတွေ ချထားတဲ့ ကော်ဖီဆိုင်လေးက ငြိမ်သက်လျက်ရှိနေပြီး ဖြတ်တိုက်သွားတဲ့ လေထုထဲမှာ မွှေးပျံတဲ့ ကော်ဖီရနံ့တို့က ရောယှက်လျက်ရှိသည်။ နေဘုန်း လက်ထဲက အဖြူရောင်ကော်ဖီခွက်လေးကို ပြန်ချလိုက်ပြီး မင်းခန့်အား မေးလိုက်သည်။
"အဲ့တော့ ကိုခန့်က ပြတိုက်ရဲ့ ရှယ်ယာရှင်ပေါ့"
"ရာခိုင်နှုန်း နည်းနည်းလေးပါ"
"ကြာပြီလား"
"သိပ်တော့မကြာသေးဘူး၊ (၆)လ လောက်ပဲရှိသေးတယ်"
တစ်ယောက်ကိုတစ်ယောက်စူးစမ်းတဲ့ မျက်ဝန်းတွေကြားမှာ နှစ်ယောက်သား ခေတ္တမျှ ငြိမ်သက်သွားကြသည်။
"ကိုခန့် နယ်စပ်ကနေ ပျောက်သွားတာ ရှေးဟောင်းပစ္စည်းတွေပါ တိုးချဲ့ဖို့ပေါ့ အဲ့လိုလား"
"ဘေဘီခ..."
ဆက်မမေးနဲ့ ဟု အဓိပ္ပာယ်သက်ရောက်သော မင်းခန့်အသံက အနည်းငယ်ကျယ်လောင်စွ ထွက်ပေါ်လာသဖြင့် နေဘုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နေဘုန်း ဘာမှမတတ်နိုင်ပါချေ။ ဆက်လည်းမမေးဖြစ်တော့။ နှစ်ယောက်သားသည် အစကတည်းက ရပ်တည်ချက်ချင်း မတူညီခဲ့ကြပေ။
"ပြတိုက်ဒါရိုက်တာ ကိုထွဋ်ခေါင်နဲ့ရော ရင်းနှီးလား"
"ရင်းနှီးတဲ့အဆင့်မဟုတ်ပေမဲ့ သိကြတယ်ဆိုပါတော့"
မင်းခန့်က နေဘုန်းကို မော့မကြည့်ဘဲ ကော်ဖီထဲ သကြားထုပ်ဖောက်ထည့်ရင်း ခြောက်ကပ်ကပ်အသံဖြင့် ပြန်ဖြေလာသည်။
"အဲ့တော့ သူ လူကောင်းမဟုတ်တာလည်း ကိုခန့် သိတယ်ပေါ့"
"ကိုယ်ပတ်သတ်နေတဲ့ လူတွေထဲမှာ ဥပဒေနဲ့ မငြိတဲ့လူ မရှိတာ ဘေဘီ သိသားနဲ့"
မင်းခန့်က လက်ထဲရှိ ဆေးလိပ်တိုကို ပြာခွက်ထဲ ထိုးချေနေရင်းက အမှန်တိုင်း ပြန်ဖြေလိုက်သည်။ လိမ်လည်း ထူးမှာမဟုတ်ပေ။ နေဘုန်း လက်ရှိကိုင်နေတဲ့အမှုကို သူလည်း သိပြီးသား ဖြစ်သည်။
ESTÁS LEYENDO
The Dark Nights in the Rain
Ficción General[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...