အပိုင်း(၄၅)_မိုးစက်အောက်က နောက်ဆုံးခရီး
ယခင်နေ့တွေက သည်းထန်နေခဲ့သောမိုးသည် ယနေ့တွင် မောပန်းသွားလေဟန်ထင်ရသည်။ သည်းသည်းမည်းမည်းမှသည် ခပ်ဖွဲဖွဲသို့သာ ပြောင်းလဲကျဆင်းလို့နေတော့သည်။ လေပြင်းသည်လည်း ဒေါသအမျက်ပြေလျော့သွားဟန်တူသည်။ မာန်အဟုန်လျော့ကာ ညင်သာသောအရှိန်ဖြင့်သာ ဟိုဟိုဒီဒီ တိုးဝှေ့လျက်ရှိနေတော့သည်။ တချိန်လုံး ယိမ်းထိုးကခုန်နေခဲ့ကြရသည့် သစ်ပင်တို့လည် ယနေ့အခါမှ အငြိမ်းစားရကာ အနားယူခွင့်ရနေကြရှာသည်။
လေငြိမ်သည့် မနက်ခင်းကိုရောက်လာပြီဖြစ်သကဲ့သို့ ကံကြမ္မာမုန်တိုင်းသည်လည်း ငြိမ်သက်ကာ အပြီးသတ်ခဲ့လေပြီဖြစ်သည်။ အရာရာသည် တဖြည်းဖြည်း အဆုံးသတ်ချိန်တန်ခဲ့လေပြီဖြစ်သည်။ Tenebris အမှုတွဲသည်လည်း မိုးသက်မုန်တိုင်းတို့ကြားမှာပင် အပြီးသတ်ခဲ့လေပြီ ဖြစ်သည်။
ရဲဇာနည်တစ်ယောက် မီးခိုးရောင် ကောင်းကင်ကြီးကို တစ်ချက်လှမ်းမျှော်ကြည့်လိုက်ပြီး ကုတင်ပေါ်တင်ထားသည့် အနက်ရောင်ကုတ်အင်္ကျီကို ယူဝတ်လိုက်သည်။ မနေ့ကပဲ အမှုတွဲကို အပြီးသတ်ခဲ့ပြီဖြစ်သောကြောင့် ဒီနေ့မှာ သေဆုံးသူတွေ၏ ရုပ်အလောင်းကို သဂြိုလ်ပေးရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ယနေ့သည် သူချစ်ရသူနှင့် ချစ်ရသူရဲ့ချစ်သူတို့၏ နာရေးအခမ်းအနားကို ကျင်းပပေးရမည့်နေ့ဖြစ်လေသည်။
အနီးတဝိုက် ပတ်ဝန်းကျင်တစ်ခုလုံး လုံခြုံရေးအထပ်ထပ်ချထားသည့် ဆေးရုံတစ်ဖက်အခြမ်းအတွင်းရှိ နာရေးအခမ်းအနားကျင်းပရာ အဆောက်အဦးထဲသို့ ရဲဇာနည်တစ်ယောက်တည်း ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများဖြင့် ဝင်လာခဲ့လိုက်သည်။ အထဲရောက်သည့်တိုင်အောင် တိတ်ဆိတ်ငြိမ်သက်လို့နေပြီး လုံခြုံရေးတာဝန်ကျနေသူများမှအပ မည်သူမှမရှိပေ။
ခန်းမထဲသို့ရောက်သော်လည်း မည်သူမှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်မှုသည် ပကတိအတိုင်း တည်ရှိနေဆဲဖြစ်သည်။ နာရေးရှင်ပင်မရှိသောကြောင့် အထီးကျန်စွာဖြင့် ဓာတ်ပုံထဲမှနေ၍ ပြုံးပြနေသည့် Kelvinရှိန်း တစ်ယောက်တည်းသာ အထီးကျန်လျက်ရှိနေလေသည်။ ဒီအပြုံးလှလှနှင့် ချောမောလှပသည့် လူသားသည် လူသတ်ဖို့ ဝန်မလေးတတ်သူဖြစ်လိမ့်မည်ဟု ရဲဇာနည် မတွေးခဲ့မိသည်မှာ အမှန်ဖြစ်သည်။

ESTÁS LEYENDO
The Dark Nights in the Rain
Ficción General[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...