-7-

1.7K 208 31
                                        

အပိုင်း(၇)_ထွဋ်​ခေါင်​၏ အသက်​သွေးကြော

သူ့အရှေ့မှရှိနေတဲ့ လူရိပ်သဏ္ဍာန် အမှောင်ထုတစ်ခုက သူ့ကို ခြောက်လန့်လို့နေသည်။ အော်ဟစ် အကူအညီတောင်းဖို့ ကြိုးစားသော်လည်းပဲ နှုတ်ခမ်းဖျားတို့က တာဝန်ထမ်းဆောင်ခြင်းမရှိပေ။ ခြောက်သွေ့နေသည့် လည်ချောင်းတစ်လျောက်မှလည်း မည်သည့်အသံမှ ထွက်မလာချေ။ အမှောင်ထုက သူ့ဆီကို တရွေ့ရွေ့ ချဉ်းကပ်လို့လာနေသည်နှင့်အမျှ ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့က တပြိုင်တည်း သူ့နှလုံးသားဆီကို ပြေးဝင်လာကြသည်။ နားထဲမှာလည်း အသံသဲ့သဲ့တစ်ခုကို ထပ်တလဲလဲကြားနေရသည်။

"သော်လေး ပြေး မြန်မြန် ပြေးတော့"

သူထွက်ပြေးနေပေမဲ့လည်း အမှောင်ထုကြီးသည် လိုက်ပါလာနေဆဲပင်ဖြစ်သည်။ ပြေးနေရင်း ရုတ်တရက် ဆိုးဝါးလှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး နက်ရှိုင်းတဲ့ တွင်းနက်ကြီး တစ်ခုထဲပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူလဲပြိုကျသွားသည့်အခိုက် အရိုးစိမ့်အောင် ကြောက်ရွံ့ဖွယ်ကောင်းသည့် အမည်းရောင် အရိပ်တစ်ခု၏ အုပ်မိုးခြင်းကို ခံလိုက်ရသည်။

"ဟေ့...ဟေ့... သတိထားဦးလေ "

စစ်​ပိုင်​၏ နားထဲတိုးဝင်​လာသည့်​ ညင်သာနူးညံ့သည့်​ ခေါ်သံတစ်​ခုကို ကြားလိုက်ရသည်။ ထိုအသံသည် ကြောက်လန့်တုန်လှုပ်နေသော သူ့စိတ်အစုံကို သက်သာရာရသွားစေသ‌ယောင်ရှိသည်။ မောဟိုက်နွမ်းနယ်နေသည့် စိတ်နှလုံးကို ကြိုးစားထိန်းချုပ်ရင်း ဖြည်းဖြည်းမှန်မှန် အသက်ရှူသွင်းလိုက်သည်။ ထို့နောက် သူ့မျက်​လုံးတို့ကို တဖြည်းဖြည်း ဖွင့်​လိုက်​မိချိန်​ဝယ် ပထမဆုံး မြင်​လိုက်​ရသည့်​က လူတစ်ယောက်၏ ဝေဝေဝါးဝါးပုံရိပ်​တစ်​ခု ဖြစ်သည်။ အချိန်​အနည်းငယ်​ကြာပြီးမှ စစ်ပိုင် သူ့အားငုံ့ကြည့်​နေသည့်​ မျက်​ဝန်းညိုညိုတို့နှင့်​ ချောမောခန့်​ညားသူတစ်​ဦးကို ရှင်းလင်းပြတ်သားစွာ မြင်​လိုက်ရသည်။

"သတိရပြီလား၊ သက်​သာရဲ့လား"

ထိုလူငယ်သည် ကိုယ်ကို ကိုင်းညွှတ်လျက် သူ့အား ငုံ့ကြည့်နေပြီး စိုးရိမ်နေဟန်ဖြင့် မေးလာသည်။ စစ်ပိုင် ခေါင်းညိတ်​အဖြေပေးလိုက်​တော့ ထိုတစ်ယောက် ပြုံးသွားသည်​ကို တွေ့လိုက်ရသည်။ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ထိုအပြုံးသည် သူ့အတွက် အလွန်နွေးထွေးလုံခြုံမှုကို ပေးစွမ်းနေသည်ဟု စစ်ပိုင်ခံစားလိုက်ရသည်။

The Dark Nights in the Rain Donde viven las historias. Descúbrelo ahora