အပိုင်း(၄၁)_မုန်တိုင်းစတင်လာပြီ
လေပြင်းပြင်းတို့ တိုက်ခတ်နေသည့် ညအချိန်အခါ၌ ရှိန်းတစ်ယောက်တည်း နန်းတော်တမျှ ခမ်းနားလှသည့် စံအိမ်ကြီးဆီကို ရောက်လာခဲ့သည်။ လစန္ဒာမထွန်းလင်းသလို ကြယ်တာရာတို့လည်း မှေးစက်နေကြသဖြင့် ညကောင်းကင်ယံသည် မှောင်အတိပြီးနေသည်။ ရှိန်း မဟူရာရောင်ကောင်းကင်ကို မော့ကြည့်ကာ တွေးလိုက်မိသေးသည်။ ကံကြမ္မာသည်လည်း ကောင်းကင်ပြင်အတိုင်း မှောင်မိုက်နေခဲ့ပြီဖြစ်သည်။ သူကရော ဒီမုန်တိုင်းကို ဖြတ်ကျော်နိုင်ပါ့မလား။ ရှိန်း အတွေးတို့နှင့်အတူ နာကျင်စွာ ပြုံးလိုက်မိပြီး စံအိမ်ကြီးအတွင်းသို့ ဝင်ခဲ့လိုက်တော့သည်။
မီးပန်းဆိုင်းတို့ဖြင့် ထိန်ထိန်ညီးနေပြီး အဖိုးတန် ရှေးခေတ်ဟောင်း ပန်းချီကားချပ်တို့ဖြင့် တန်ဆာဆင်ထားသော အခန်းကျယ်ကြီးတစ်ခုအတွင်းသို့ ရှိန်း ဝင်ခဲ့လိုက်သည်။ တန်ဖိုးကြီး ကျွန်းသစ်တို့ဖြင့် အလှဆင်ထားသော သည်အခန်းကျယ်ကြီးအတွင်းတွင် ရှိန်းဆိုသော သူနှင့် သားအဖတော်စပ်သော ထိုပုဂ္ဂိုလ်ရှိနေလေသည်။
"ဒီကို ဘာလာလုပ်တာလဲ သား"
မဟော်ဂနီရောင်ကျွန်းသား ကုလားထိုင်ကြီးမှာထိုင်နေသည့် လူကြီးက ရှိန်းကို မေးလာသည်။
"မင်္ဂလာဖိတ်စာလာပေးတာ ဒက်ဒီ..."
ရှိန်းသည် တည်ငြိမ်အေးဆေးစွာပြန်ဖြေလိုက်ပြီး လက်ထဲက အဖြူရောင်ဖိတ်စာလေးကို စားပွဲပေါ်သို့ ချပေးလိုက်သည်။ ထို့နောက် အလှဆုံးအပြုံးတစ်ခုကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်မိသည်။
"ဒီမင်္ဂလာပွဲလုပ်နိုင်လိမ့်မယ်လို့ထင်သလား"
"ဒက်ဒီကရော ဘယ်လိုမြင်လဲ..."
ရှိန်းသည် ပြုံးလျက်နှင့်ပင် အေးဆေးစွာ ပြန်မေးလိုက်မိသည်။ ရှိန်း ထိုလူကြီးအား အသေအချာကြည့်မိသည်။ ဖခင်ဟုဆိုသောငြားလည်း ရှိန်းနှင့်တော့ သိပ်မတူလှပေ။ ရှိန်းသည် မိခင်နှင့်ပိုတူသည်။ ရှိန်းသည် မေမေ့သားသာဖြစ်သည်။ ဖေဖေ့သားမဟုတ်ခဲ့ပေ။

YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...