-1-

9.8K 521 2
                                        

အပိုင်း(၁)_ဆည်းဆာချိန်ကို ကျော်ဖြတ်ခြင်း

“ဆည်းဆာချိန်ကုန်လွန်သွားခဲ့ရင် အရုဏ်တက်ရောင်နီဦးကို တစ်ဖန်ပြန်ရောက်ဖို့ သန်းခေါင်ယံကို ဖြတ်ကို ဖြတ်ရလိမ့်မယ်...”

မပြေနိုင်တဲ့ ရန်ငြိုးတွေ၊ နက်ရှိုင်းတဲ့ အမုန်းတရားတွေ၊ မဖြတ်ရက်တဲ့ သံယောစဉ်တွေ၊ မရပ်တန့်နိုင်တဲ့ မျှော်လင့်ချက်တွေနှင့် မုန်တိုင်းထန်သော လောကဓံနေ့ရက်များ၏ အစသည် မိုးသည်းနေသော ညတစ်ညဖြစ်လေ၏။ သန်းခေါင်ယံ၏ အစသည် ဆည်းဆာချိန်ဖြစ်လျှင် ကံဆိုးမိုးမှောင်ကျသော ဘဝကံကြမ္မာ၏ ကနဦးအစသည် ဤနေ့ပင်ဖြစ်ပေလိမ့်မည်။

(၁၇) ရက်၊ ဇွန်လ၊ (၁၉၉၅) ခုနှစ်။

လစန္ဒာကို တိမ်ညိုညိုတို့ ဖုံးအုပ်ထားကြသဖြင့် ညကိုအမှောင်ထုက သိမ်းပိုက်ဝါးမြိုထားသည်။ ခပ်ကျဲကျဲစိုက်ထူထားသည့်  ဓာတ်တိုင်များမှ မှိန်ပြပြအလင်းရောင်သည် ည၏အမှောင်ထုကို ကောင်းစွာ အန်တုနိုင်ခြင်းမရှိချေ။ မိုးမင်းကြီးကလည်း ဘယ်ဆီကအငြိုးတို့ကို ဖွင့်အန်ချနေသည်လဲမသိလောက်အောင် သည်းသည်းမည်းမည်း ရွာချနေပြန်သည်။ ခပ်ပြင်းပြင်းတိုက်ခတ်လာသော လေအေးအေးတို့၏အောက်တွင် အစိမ်းရောင်သစ်ပင်တို့ ယိမ်းထိုးနေကြသည်။ ဆိုးဝါးလွန်းသော ရာသီဥတုကြောင့် ‘Paradise’ အမည်ရှိမြို့မှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

Terrein မြို့နယ်၊ Angela ရပ်ကွက်၊ Rose လမ်းသွယ်ပေါ်ရှိ ခြံအမှတ်-၁၀၄...။ ခြံစည်းရိုးအဖြူရောင်တို့ဖြင့် ကာရံထားသည့် ခြံဝန်းအလယ်တွင် အဖြူရောင်နှစ်ထပ်တိုက်အိမ်လေးသာ ခပ်ထီးထီးတည်ရှိနေသည်။

ထိုအိမ်လေး၏ ဧည့်ခန်းထဲတွင် အမျိုးသားနှစ်ယောက် အပြင်းအထန် အခြေအတင် စကားများနေကြ၏။ ဇင်ယော်မျက်ခုံးတို့ကို ပိုင်ဆိုင်ထားသော အသားဖြူဖြူနှင့် ဥပတိရုပ်ခန့်ညားသည့် အသက်(၄၀)ကျော် ဝန်းကျင်ခန့်ရှိသော အမျိုးသားကြီးသည် စိုးထိတ်ကြောက်ရွံ့သော အမူအရာကို ဆောင်လျက် မတ်တပ်ရပ်နေသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင်မူ အသက်(၃၀)ကျော်ခန့်ရှိသော အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့် တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသားသည် သားကောင်ကို ခုန်အုပ်တော့မည့် ကျားရဲတစ်ကောင် အသွင်ဖြင့် ရပ်နေလေသည်။

The Dark Nights in the Rain Donde viven las historias. Descúbrelo ahora