အပိုင်း(၁၈)_ဒါလင် သူ့ကို မမေ့သေးဘူး
ထွဋ်ခေါင်တစ်ယောက် ရဲဇာနည်နှင့်အတူ ညစာစားပြီးနောက် အိမ်တန်းမပြန်ဘဲ စိတ်ညစ်ညစ်နှင့် မင်းခန့်၏ ဘားမှာ သွားသောက်နေလိုက်သည်။ သူအိမ်ပြန်ရောက်ချိန်၌ အတော်ပင် အချိန်လင့်နေပြီဖြစ်သည်။ အိမ်ထဲဝင်ဝင်ချင်းပင် အိမ်ထိန်းဒေါ်အားမေက မျက်နှာပျက်ပျက်ဖြင့် သူ့အနားသို့ အပြေးရောက်လာသည်။
"အစ်ကိုလေး တစ်ညနေလုံးဖုန်းဆက်နေတာ ဆက်သွယ်လို့လည်းမရဘူး"
"ပြဿနာရှိလို့လား"
"အပေါ်ဆုံးထပ်မှာ အစ်ကိုလေးရှိန်း အတော်ကို သောင်းကျန်းနေတယ်"
တုန်တုန်ရီရီဖြင့် ပြောလာသည့် ဒေါ်အားမေ၏ စကားကြောင့် ထွဋ်ခေါင် အနည်းငယ်မူးနေသည်ပင် ပြေသွားရသည်။
"ကြာပြီလား၊ ဘာလို့လဲ"
"ညနေပြန်လာကတည်းကပါပဲ၊ ဘာလို့လဲတော့ ကျွန်မတို့ အသေချာမသိပါဘူး၊ မေးလည်းမမေးရဲပါဘူး"
ဒေါ်အားမေသည် ကြောက်လွန်း၍ထင်သည်။ အသံတိုးတိုးဖြင့် ဖြေရှာသည်။ ရှိန်းသည် ရုပ်ကလေးလှသလောက် အလွန်ရက်စက်တတ်သူဖြစ်သည်။ ဒေါသထွက်ကာ သောင်းကျန်းပါက အမှန်တကယ်ကြောက်ဖို့ကောင်းတာ သူတို့အားလုံးသိကြသည်။ ထွဋ်ခေါင် အခြေအနေကိုသိကြောင်း ခေါင်းညိတ်ပြပြီး အပေါ်ထပ်ကို တက်လာခဲ့သည်။
ဒုတိယထပ်ကိုရောက်တော့ ဧည့်ခန်းက အလှထားတဲ့ ကြွေပန်းအိုးတွေ အကုန်လုံး တစ်စစီပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ သေချာပေါက်မေးစရာမလိုသည်က ရှိန်းရိုက်ခွဲထားခြင်းသာ ဖြစ်လေသည်။ ဆိုဖာနားက သွေးစက်တချို့နဲ့ ဆံပင်ချည်တချို့ကို လှေကားရင်းကပင်လှမ်းမြင်လိုက်ရသေးသည်။ ထွဋ်ခေါင်သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာ ရှိန်း တကယ်ပေါက်ကွဲနေပြီမှန်း သိလိုက်သည်။
ဒုတိယထပ်လှေကား တစ်ဝက်ကိုရောက်တော့ ရုန်းရင်းဆန်ခတ်ဖြစ်နေသံတချို့ ကြားရသဖြင့် ထွဋ်ခေါင် ခြေလှမ်းတို့ကို အရှိန်တင်လိုက်သည်။ ထိုအခိုက်တွင် လက်မောင်းက သွေးစက်လက်ဒဏ်ရာကိုဖိရင်း ကြောက်ကြောက်လန့်လန့်နှင့် ပြေးဆင်းလာသော အိမ်အကူမိန်းကလေးတစ်ယောက်နှင့် လှေကားထိပ်မှာဆုံသည်။ သူ့ကိုမြင်တော့ တုန့်ခနဲရပ်သွားသည်။
VOUS LISEZ
The Dark Nights in the Rain
Fiction générale[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...