-34-

1.9K 221 14
                                        

အပိုင်း(၃၄)_ပြောင်းလဲသွားခဲ့ပြီ

ညနေစောင်းအချိန်ဖြစ်သော်လည်း ဆည်းဆာအလှ ဟန်ရေးပြခွင့်မရအောင် လောကတစ်ခွင်ကို မိုးစက်မိုး​ပွင့်တို့က သိမ်းယူထားသည်။ လျှပ်စီးတဝင်းဝင်းနှင့် အာကာကောင်းကင်ပြင်တစ်ခွင်သည် မည်းမှောင်နေပြီး ဒေါသတကြီး ထစ်ချုန်းလျက်ရှိသည်။ အေးစက်စက်လေတို့ကလည်း တစ်ချက် တစ်ချက် ဖြတ်တိုက်နေသဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် မှုန်ရီအေးစက်နေလေသည်။

မိုးသံလေသံကြားမှာ စန္ဒရားသံ ခပ်အေးအေးက တိုးတစ်ခါ ကျယ်တစ်လှည့်ဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လျက်ရှိသည်။ စစ်ပိုင်သည် ဒီသီချင်းတစ်ပုဒ်တည်းကို ထပ်ခါထပ်ခါ တီးနေမိသည်မှာ အကြိမ်အရေအတွက်ကိုပင် မမှတ်မိတော့ချေ။ အသိစိတ်တို့ ကင်းလွှတ်ရာမှာ ခံစားချက်တွေအတိုင်း စီးမျောနေမိခြင်းဖြစ်သည်။ သူ့မှတ်ဉာဏ်တွေသည် အတိတ်ကနေ့ရက်တွေကို ပြန်လည်လှုပ်နှိုးနေကြသည်။

"သော်လေးက သိပ်တော်တာပဲကွာ... ဒါမှ ငါ့သားကွ"

"သား မေမေ့ဆီကို လာဦး..."

သူ့အတွေးထဲက ပုံရိပ်တွေသည် အရောင်အသွေးစုံပြီး လှပလွန်းလှသည်။ ဖေဖေသည် ကျေနပ်အားရသော အပြုံးများဖြင့် ပြုံးနေပြီး မေမေက သူ့ကို အကြင်နာရိပ်တို့ ဖိတ်လျှံနေသည့် အကြည့်တွေဖြင့် ကြည့်လျက်ရှိသည်။ သူကတော့ ကြောင်ပေါက်လေးပမာ မေမေ့ရင်ခွင်ကို တိုးဝှေ့နေပြီး မေမေက သူ့ခေါင်းလေးကို ပွတ်ပေးနေသည်။

ပါးပြင်ပေါ် ပူနွေးနွေး မျက်ရည်စီးကြောင်းတွေ ဖြတ်သန်းသွားကြပြီး အဖြူရောင် ခလုတ်တွေပေါ် ပြေးလွှားနေသည့် လက်ဖမိုးပေါ် ခုန်ဆင်းသွားကြသည်။ စိတ်ဝိဉာဉ်သည် မှတ်ဉာဏ်များထဲက အမှတ်တရဟောင်းများထဲတွင် ပျော်မွေ့နေလေသည်။ အတိတ်သည် ရိုးရှင်းစွာ လှပ၏။ မေမေနှင့်‌ဖေဖေ တို့၏ မေတ္တာတရားအရိပ်အောက်၌ အရာရာသည် ပြီးပြည့်စုံ၏။ မိဘနှစ်ပါး၏ အကြင်နာတရားတို့သည် သူ့အား နွေးထွေးစေသည်။ ငယ်ဘဝသည် သာယာအေးချမ်း၏။ ပျော်ရွှင်ဖွယ်ကောင်း၏။

ရစ်သိုင်းလာသော မျက်ရည်စတို့နှင့်အတူ အတိတ်သည် တဖြည်းဖြည်း မှုန်ရီဝေဝါးသွား၏။ တေးသံသာသည် ပြီးဆုံးသွားပြီဖြစ်သည်။ နွေးထွေးမှုတွေ အကြင်နာတရားတွေကိုလည်း ဘယ်တော့မှ ဘယ်တော့မှ ပြန်မရနိုင်တော့ပေ။ အရာအားလုံးသည် ပြန်မရနိုင်တော့သော အတိတ်တွေဖြစ်သွားခဲ့ပြီဖြစ်သည်။ အမှတ်တရတွေသည် ရူးသွပ်နေတဲ့ အိမ်မက်တွေထက် မပိုနိုင်တော့ပေ။ အတိတ်သည် မြူမှုန်များလို လွှင့်ပြယ်သွားခဲ့ပြီဖြစ်ပြီး နာကျင်နေသော နှလုံးသားတစ်စုံသာ ကျန်ရစ်ခဲ့တော့သည်။

The Dark Nights in the Rain Donde viven las historias. Descúbrelo ahora