အပိုင်း(၂၃)_အမှောင်ထဲမှ ဓာတ်ပုံများ
ရဲဇာနည်မာန် သူ့အရှေ့က အနည်းငယ်အိုဟောင်းနေပြီး ရောင်လွှင့်နေပြီဖြစ်သည့် အထပ်မြင့်တိုက်ကြီးကို တစ်ချက်မော့ကြည့်လိုက်သည်။
"ဒီနေရာလား"
"ဟုတ်တယ်အစ်ကို၊ (၆) လွှာ၊ အခန်းနံပါတ် (၆၀၈)၊ နာမည်က 'ဆက်ပိုင်သွေး' တဲ့၊ သတင်းထောက်တစ်ယောက်"
ဘေးက ကျော်စွာနိုင်က ဖြေလေသည်။ သူနှင့်အတူ မင်းဗညားနှင့်ကျော်စွာနိုင်တို့ ရှိနေကြသည်။ သူတို့သုံးယောက် ခြောက်ထပ်ဆီသို့ ဓာတ်လှေကားဖြင့် တက်ခဲ့ကြသည်။ အခန့်နံပါတ် (၆၀၈)။ ဘဲလ်တီးသော်လည်း အတန်ကြာသည်အထိ တုန့်ပြန်မှုမရှိပေ။
"လူမရှိဘူးထင်တယ်..."
မင်းဗညားက ပြောရင်းနဲ့ တံခါးကို အသာအယာဆွဲကြည့်လိုက်သည်။
"ချောက်..."
သုံးယောက်သား အံ့သြစွာဖြင့် တစ်ယောက်မျက်နှာတစ်ယာက် ကြည့်မိကြသည်။ မယုံကြည်နိုင်စရာကောင်းလောက်အောင် တံခါးသည် ပွင့်ဟလာခဲ့လေသည်။
"တံခါးက ပျက်နေတာ အစ်ကို"
မင်းဗညားက တံခါးကို ခပ်ဖြည်းဖြည်းဆွဲဖွင့်ရင်း တိုးတိုးပြောလေသည်။ ရဲဇာနည်၏ စိတ်ထဲမှာတော့ မသိုးမသန့်ခံစားလာရသည်။ သုံးယောက်သား အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြပြီးမှ သတိကြီးကြီးထားပြီး အထဲဝင်ခဲ့လိုက်ကြသည်။
"တံခါးကို တစ်စုံတစ်ယောက်က သေသေချာချာ ဖျက်ဆီးထားတာပဲ"
ကျော်စွာနိုင်က တံခါးမကြီးကို အသေအချာကြည့်ရင်း ပြောလေသည်။ ထို့နောက် လိုက်ကာစများကြားမှ နေရောင်ထိုးနေသည့် မှိန်ပျပျအလင်းရောင်သာရှိသော တိုက်ခန်းထဲသို့ သုံးယောက်သား သတိအနေအထားဖြင့် ချဉ်းနင်းဝင်ရောက်ခဲ့ကြသည်။ သိပ်မကျယ်လှသည့် အခန်းသည် ပစ္စည်းတွေနေရာအနှံ့ ပြန့်ကြဲလို့နေပြီး ဗီရိုတံခါးတို့သည်လည်း ပွင့်ဟလျက်ရှိသည်။ တိုလီမုတ်စ ပစ္စည်းများကလည်း ဟိုတစ်စ ဒီတစ်စဖြင့် မြွေဝင်အောင်းမတတ်ပွရှုပ်လျက်ရှိသည်။
YOU ARE READING
The Dark Nights in the Rain
General Fiction[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...