အပိုင်း(၃၉)_မနာလိုမိတယ်
Paradise Central Hospital အတွင်းရှိ နာရေးခန်မအတွင်းတွင် ရဲချုပ်ဟောင်း ဦးရန်နိုင်လင်း၏ နာရေးအခမ်းအနားကို ပြင်ဆင်ထားလျက်ရှိသည်။ အနက်ရောင် နာရေးဝတ်စုံဝတ်ဆင်ထားသည့် နေဘုန်းခမှာ သားတစ်ယောက် အနေဖြင့် ဒေါ်လေးနှင့်အတူ လာသမျှ ဧည့်သည်တွေကို ဧည့်ဝတ်ပြုနေရသည်။ ဌာနဆိုင်ရာမှ အရာရှိအရာခံလူကြီးများအပြင် ဒေါ်လေး၏ စီးပွားရေးမိတ်ဆွေများပါ လာရောက်ကြသောကြောင့် ဖေဖေ့နာရေးသည် စည်ကားလွန်းနေသည်။ လွန်စွာပင်များပြားလွန်းသည့် ဧည့်သည်များကြောင့် နေဘုန်းခ ပင်ပန်းနွမ်းနယ်ကာ ခေါင်းတွေ မူးနောက်ရီဝေလာသလို ခံစားလာရသည်။
မတ်တပ်ရပ်ကာ ဧည့်ခံနေရင်း ခေါင်းထဲမိုက်ခနဲဖြစ်သွားကာ ယိုင်လဲမတတ်ဖြစ်သွားသော်လည်း အမှန်တကယ်လဲကျမသွားခဲ့ပေ။ အနီးဆုံးမှာရှိနေသည့် ကိုခန့်က လှမ်းထိန်းပေးလိုက်သောကြောင့် ခပ်နွေးနွေးရင်ခွင်တစ်ခုအတွင်းသာ ရောက်သွားရခြင်းဖြစ်သည်။ နှာခေါင်းဝကို လာရောက်ကျီစယ်နေသည့် ရင်းနှီးနေသည့် ကိုယ်သင်းရနံ့ကြောင့် အနည်းငယ်ခေါင်းကြည်သွားသည်ဟု နေဘုန်းခ ခံစားလိုက်ရသည်။
"ရတယ် ကိုခန့်"
နေဘုန်း လူအများကြားမှာဖြစ်နေ၍ ကိုခန့်ရင်ခွင်မှ အလျင်အမြန်ပြန်ထလိုက်သည်။
"တကယ်အဆင်ပြေလို့လား ဘေဘီ"
ကိုခန့်အသံသည် စိုးရိမ်ခြင်းတို့ဖြင့် ပြည့်လျက်ရှိနေသည်။
"ရပါတယ်၊ သေခြင်းရှင်ခြင်းတွေ အများကြီး ကျွန်တော်ရင်ဆိုင်ခဲ့ဖူးပြီးသားပါ"
"ဘေဘီ အရမ်းပင်ပန်းနေတာ... ခဏနားလိုက်သင့်တယ်"
စိုးရိမ်ခြင်း၊ စိတ်မကောင်းခြင်း၊ သနားကြင်နာခြင်းများအနှင့်အတူ သူ့အားငေးကြည့်နေသည့် ကိုခန့်အား နေဘုန်းခ ခေါင်းခါပြလိုက်မိသည်။
လွန်ခဲ့တဲ့သုံးရက်ညက နေဘုန်းခ အစ်ကို့ကိုဖက်ရင်း အိပ်ပျော်သွားသော်လည်း မနက်အိပ်ယာနိုးတော့ အစ်ကိုမရှိတော့ပေ။ ကိုခန့်ကို မေးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ ဟုသာ အဖြေပေးသည်။ အခုမှ လောလောလတ်လတ် ပြန်တွေ့ရတဲ့ ညီကို ပစ်ပြီးသွားရအောင် ဘယ်ကိစ္စက အရေးကြီးနေတာလဲလို့ ပြဿနာရှာချင်မိသော်လည်း ရုတ်တရက်ဝင်လာတဲ့ ဖုန်းကြောင့် အစီစဉ်ဖျက်လိုက်ရသည်။

ESTÁS LEYENDO
The Dark Nights in the Rain
Ficción General[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...