အပိုင်း(၅)_မိုးညတို့၏ ဒုတိယမြောက်နိဒါန်း
(၁၁)နှစ်ခန့်ကြာပြီးနောက်...။
(၂၉)ရက်၊ ဇူလိုင်လ၊ (၂၀၁၇) ခုနှစ်။မဟူရာရောင်ညကောင်းကင်သည် တိမ်ကင်းစင်လျက်ရှိပြီး လစန္ဒာ၏ အေးမြသောရောင်ဝါတို့က မြေကမ္ဘာကို လွှမ်းခြုံထားသည်။ လေနုအေးကလည်း ဖြည်းဖြည်းမှန်မှန် တိုးဝှေ့တိုက်ခတ်လျက်ရှိနေသည်။ လျှပ်စစ်မီးရောင်အောက်က အနက်ရောင်လမ်းမကြီးများသည် လှုပ်ရှားသွားလာကြသူများဖြင့် စည်ကားလျက်ရှိသည်။
Paradise မြို့အစွန်ရှိ Lupus အမည်ရှိသော ဤရပ်ကွက်သည် ဒုစရိုက်သမားတို့မွေ့ပျော်ရာ စားကျက်တစ်ခုဖြစ်သည်။ မကောင်းသည့်အငွေ့သက်တို့ လှိုင်လှိုင်ထရာ ဤနေရာသည်တရားမဝင် လောင်းကစားရုံများ၊ အရက်ဆိုင်များ၊ ဇိမ်ခန်းများဖြင့် အမြဲတစေလူစည်ကားလျက်ရှိသည်။
ရပ်ကွက်၏အစွန်ပိုင်းသည် ဆိပ်ကမ်းနှင့်ဆက်လျက်ရှိပြီး ကုန်လှောင်ရုံအများစု တည်ရှိရာနေရာလည်းဖြစ်သည်။ ထိုနေရာထဲ၌ ကုန်လှောင်ရုံအမှတ် D-13 ဟု ဆိုင်းဘုတ်တပ်ထားသည့် ကျယ်ဝန်းသော ခြံကျယ်ကြီးအတွင်းတွင် ပေ(၂၀)ခန့်မြင့်ပြီး အနီရောင်ခေါင်မိုး မိုးထားသော ဂိုဒေါင်ကြီးတစ်ခုသာ ခပ်ထီးထီးတည်ရှိလေသည်။
ထိုဂိုဒေါင်အတွင်း၌ အရပ်မြင့်မြင့်ဗလတောင့်တောင့်နှင့် လူမိုက်အသွင်သဏ္ဍန်ရှိသော လူ(၁၀)ယောက်ခန့် ခြံရံထားသည့် အလယ်တွင် ခြေချိတ်ထိုင်နေသော ချောမောခန့်ညားလှသည့် လူငယ်လေးတစ်ဦးရှိလေသည်။ မီးခိုးရောင်ဖျော့ဖျော့ဆံနွယ်ရှည်တွေနှင့် ထိုကောင်လေးမှာ သားရေဂျာကင်အနက်နှင့် ဂျင်းဘောင်းဘီအနက်ကို တွဲဖက်ဝတ်ဆင်ထားပြီး ပါးစပ်ထဲတွင် ပီကေကို တဖောက်ဖောက် ဝါးနေသေးသည်။
မေးရိုးထင်းထင်းနှင့် နှုတ်ခမ်းခမ်းပါးပါးလေးကို တင်းတင်းစေ့ထားပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့ရှေ့မှာ ကြိုးတုပ်ခံထားရလျက် ဒူးထောက်နေသည့်လူကို အေးစက်စွာကြည့်နေလေသည်။ သူ့ရှေ့ကလူမှာမျက်နှာတစ်ခုလုံး ဖူးယောင်ကာသွေးအလိမ်းလိမ်းနဲ့ ဖြစ်နေသော်လည်း သူ့မျက်ဝန်းတွေကတော့ ညှာတာမည့်အရိပ်ယောင်မရှိပေ။ "Justin Awl" ဟုသာ လူသိများသော "စစ်ပိုင်"ဆိုသည့် သူသည် အကြင်နာတရား ကြီးမားသည့် ယောက်ျားကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ အထူးသဖြင့် ကိုထွဋ်အား ဒုက္ခပေးမည့် ကြွက်လိုအကောင်များအပေါ်ဖြစ်သည်။
VOCÊ ESTÁ LENDO
The Dark Nights in the Rain
Ficção Geral[Unicode Ver] ကံဆိုးမှုတွေနဲ့ နာကျင်မှုတွေ မိုးရေစက်တွေနဲ့အတူ လိုက်ပါလာခဲ့ကြလေသလား.....။ မိုးစက်ခတဲ့ ညတွေမှာ မှောင်မိုက်ခြင်းတွေ အစပြုခဲ့တယ်။ ကျီစားတတ်တဲ့ ကံကြမ္မာကြောင့် မိုးမှောင်ကျခဲ့ကြတဲ့ သူတို့ဘဝတွေ ဘဝရဲ့ရောင်နီပျို့ချိန်ကို ရောက်တဲ့အထိ လောကဓံ...