-24-

948 113 11
                                    

အပိုင်း(၂၄)_မင်းမှမင်းပဲ

မနက်ခင်းကို နေခြည်ရောင်ဝါခြုံလွှမ်းသဖြင့် လောကတစ်ခွင်သည် တက်ကြွနိုးကြားလျက်ရှိနေသည်။ ကျေးဌက်တို့က တိမ်ကင်းစင်သည့် ကောင်းကင်ပြာအောက်တွင် မြူးထူးပျံသန်းလို့နေကြသည်။ ရောင်စုံပန်းပွင့်တို့သည် အလှချင်းပြိုင်လျက် ငြင်းခုံနေကြလေသည်။ လေနတ်သားသည် ပန်းရနံ့ကိုသယ်ဆောင်ကာ လောကတစ်ခွင် ခရီးနှင်နေတော့သည်။

နေခြည်အောက်တွင် ငယ်ရွယ်နုပျိုလှသော လုလင်ပျိုလေးသည် တက်ကြွရွှင်လန်းလျက်ရှိနေပေသည်။ ရုံးတွင်သာ ညအိပ်ကြရသော အဖွဲ့သားတွေအတွက် မနက်စာဝယ်ရန် နေဘုန်းခ ရုံးခန်းထဲက ထွက်လာခဲ့ခြင်းဖြစ်သည်။ မနက်စောစော ပန်းခြံထဲဖြတ်ကာ လမ်းလျှောက်လိုသော ဆန္ဒဖြင့် နေဘုန်းခ ရဲစခန်းနှင့် အနည်းငယ် အလှမ်းဝေးသော ကဖေးလေးအထိ လာခဲ့ခြင်းဖြစ်သည်။

ကဖေးသို့ အသွားကတည်းက အနောက်မှ လူတစ်ယောက်နောက်ယောင်ခံနေသည်ကို သတိထားမိသော်လည်း အန္တရာယ်ပြုမည့် အရိပ်အယောင်မရှိဟု ထင်မိသောကြောင့် နေဘုန်းခ မသိကျိုးကျွန်ပြုထားလိုက်ကာ အေးအေးဆေးဆေးပင် နေနေလိုက်တော့သည်။

နေဘုန်းခအား‌ နောက်ယောင်ခံလိုက်နေသူမှာ အခြားသူမဟုတ်ပေ။ ထွဋ်ခေါင်ပင်ဖြစ်လေသည်။ လေတချွန်ချွန်ဖြင့် တက်ကြွစွာ လျှောက်သွားသည့် နေဘုန်းခကို နောက်ကကြည့်ရင်း ထွဋ်ခေါင်ပြုံးမိသွားသည်။ အခုထိ ဆေးစစ်ချက်ရမလာသေးသော်လည်း ဒီကောင်လေးသည် သူ့ညီငယ်လေးဟု ခံစားသိနေပြီး နှလုံးသားက ရင်းနှီးနေပြီဖြစ်သည်။ ဒီရက်တွေမှာ နေဘုန်းခကို တွေ့တိုင်း အခုလို နောက်ကလိုက်ချောင်းကြည့်နေရတာကို ထွဋ်ခေါင် သဘောကျနေမိသည်။

နေဘုန်းခ တဖြည်းဖြည်းဝေးသွားအထိ ထွဋ်ခေါင် ပန်းခြံလေးထဲကနေ ရပ်ကြည့်နေမိသည်။ မြင်ကွင်းကနေပျောက်ကွယ်သွားမှ ပြန်ရန် နောက်လှည့်တော့ သူ့အား ရပ်ကြည့်လို့နေသည့် တစ်စုံတစ်ယောက်အား မျက်နှာချင်းဆိုင် တွေ့လိုက်ရလေသည်။ ထွဋ်ခေါင် ထိုလူအား ခပ်အေးအေးပင် ပြုံးပြလိုက်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။

The Dark Nights in the Rain Unde poveștirile trăiesc. Descoperă acum