Unicode
🖤Lucky charm @ Me❤️
Sherwood ရဲ့ မနက်အစောပိုင်းဟာ အေးခဲမတတ် ထုံကျဉ်လွန်းလှသည်။ ရေငွေ့ရိုက်နေတဲ့ ပြတင်းမှန်တွေ နှင်းငွေ့နှင်းဖတ်တို့ ကပ်ငြိနေတဲ့ သစ်ပင်သစ်ကိုင်းအဖျားအနားတွေကို ကြည့်ရတာက သဘာဝရဲ့ ပန်းချီကားချပ်လို လှပနေသည်။
လုပ်စရာရှိတာ လုပ်ဖို့အတွက် ချစ်ရသော သုံးယောက်ကို အိပ်ရာထဲ စောင်တွေနဲ့အတူထွေးပေးထားခဲ့ရတာကို စိတ်ကမချချင်။
နွေးထွေးခြင်းကို ကျွန်တော်ကသာပေးချင်ပြီး သူတို့ထွေးပိုက်ခြင်းကို ကျွန်တော်ကသာ ခံယူချင်တာပါ။ ဒါပေမဲ့ ဒီခရီးစဉ်ရဲ့ မေ့မရမဲ့ တစ်စိတ်တစ်ပိုင်းကို ကျွန်တော်ကိုယ်တိုင်ပုံဖော်ဖန်တီးရမယ်မဟုတ်လား။ အဓိကက ကိုကို့အတွက်ပါ ကိုကိုဆိုတဲ့လူသားအတွက် ကျွန်တော်က အကောင်းဆုံးတွေ ပြန်လုပ်ပေးချင်တာပါ။
သူ့ကို မမှီနိုင်ရင်တောင် သူ့အောက်မလျော့ကျတဲ့ မေတ္တာစေတနာတွေနဲ့ သူ့ကိုပြုံးစေပျော်စေချင်တယ်လေ။
ကော်ဖီပူပူတစ်ခွက်ကို ရင်ခွင်ထဲပိုက်လို့ ဧည့်ခန်းထဲကစားပွဲပေါ်အသာချ မီးလင်းဖိုမှာ မီးမွှေးတော့ တချက်ချက်မြည်သံပေးနေတဲ့ မီးလင်းဖိုအထက်နံရံက နာရီကိုမော့ကြည့်တော့ မနက် ၅နာရီတဲ့။
အေးစက်ခြင်းတွေကို ထိုးခွဲလာတဲ့နွေးထွေးခြင်း မီးလျှံတို့ မီးလင်းဖိုထဲ ယိမ်းထိုးကခုန်လာတော့ ကိုကို့ရဲ့မာဖလာဖြူလေးကို လည်ပင်းမှာ သေချာထပ်ရစ်ပတ်ပြီး ခုံပေါ်တင်ပလ္လင်ခွေထိုင် ပေါင်ပေါ် MacBookတင် လက်ကကော်ဖီခွက်ကိုင်လို့ လိုချင်တာတွေ ရှာရဖွေရသည်။
သူများနိုင်ငံမှာ ခရီးတစ်ခုသွားဖို့စီစဉ်ရတယ်ဆိုတာက သူတို့နိုင်ငံရဲ့ နယ်မြေအနေအထားနဲ့ ကိုယ့်သွားမဲ့လူရဲ့အခြေအနေတွေ အကုန်လိုက်ချိန်ညှိရတာမျိုး။ အခု ကျွန်တော်စီစဉ်နေတဲ့ ခရီးလေးက ကိုကိုအပါအဝင် ဒီခရီးကလူတွေအကုန်လုံးအတွက် လက်ဆောင်ဖြစ်သလို ကျွန်တော်တို့အားလုံး ကျေပွန်ရမဲ့ ဝတ္တရားတစ်ရပ်ကို သွားရောက်ထမ်းဆောင်ခြင်းလို့လည်း ကျွန်တော် ခံယူထားပါတယ်။
