Room 1 (Accident)

2.9K 43 1
                                    

ဟိုကောင်နဲ့ကျွန်တော်......အဲ...​စန္ဒီနိုင်နဲ့ကျွန်တော် မကြာခဏ အက်စီးဒန့်ဖြစ်ကြတယ်။
ကျွန်တော်တို့ နှစ်ယောက် ပထမဆုံးစတွေ့ခဲ့တဲ့ပုံကလည်း အက်စီးဒန့်တစ်ခု​ကြောင့်ပဲ။
အသေးစား အက်စီးဒန့်တစ်ခုပေါ့။
xxx

၂၀၀၇ သြဂုတ်

မိုးတွင်းစစ်စစ်ကြီးမို့ တနေ့လုံး နေကိုမမြင်ရဘဲ အသားကုန်ရွာနေလေ၏။
ကျူရှင်တိုက်ရှေ့ရောက်သော် ကျွန်တော် ထီးပိတ်၍မုန့်ဆိုင်ထဲသို့ပြေးဝင်ခဲ့သည်။ နားချိန်တွင်စားရန် မုန့်နှင့်နွားနို့ဝယ်ပြီး လှေကားပေါ်ပြေးတက်လိုက်သည်။
၄ လွှာရောက်တော့ လူကမောနေပြီ။ ဂိုက်အစ်မကိုမေးတော့ ဒီနေ့အတန်းက ၅လွှာသို့ပြောင်းသွားသည်ဆို၍ တစ်လွှာ တက်ရသည်။၅လွှာရောက်တော့ စာအော်ကျက်သံ စကားသံများဖြင်ဆူညံပွတ်လောရိုက်နေ၏။ကျွန်တော် အခန်းဝကိုလှမ်းကြည့်တော့ ထွန်းရှည်တို့အဖွဲ့ အခန်းဝမှာ ပိတ်ရပ် စကားများနေကြသည်။ထွန်းရှည်ဘေးမှာရပ်နေသောကျော်ကြီးမှာ သူသိပ်ဝတ်လေ့မရှိတဲ့ ကာကီရောင်ဘောင်းဘီတိုနှင့် ဖြူပြာကြားတီရှပ်ဝတ်ထားသည်။ ဒီကောင်တွေကိုစချင်၍ ခြေဖွဖွနင်းကာ နောက်ကနေ ကျော်ကြီးကို ဒူးနှင့်တိုက်လိုက်သည်။
"ဟေ့ကောင် ကျော်ကြီး"
"အမလေး...သေပါပြီ"
ကျွန်တော့်ဒူးတိုက်အားကြောင့် ရှေ့က ခုံတန်းရှည်ပေါ်သို့ငိုက်ကျသွား၍ အကျေနပ်ကြီးကျေနပ်သွားသည်။သို့ပေမယ့် အော်သံကြားကြားချင်းသိလိုက်ရသည်ကား ကျွန်တော်ထင်သလို ကျော်ကြီးမဟုတ်။
"ဟာ...ကျော်ကြီး မဟုတ်ဘူးလား"
ကျွန်တော့်ဆီသို့ ခုန်အုပ်တော့မည့်ကျားသစ်မ တစ်ကောင်၏အကြည့်စူးစူးများ ဒိန်းခနဲရောက်လာသည်။
"မဟုတ်မှန်း မမြင်ဘူးလားဟ"
ကျွန်တော်လည်း အနည်းငယ် ထိတ်လန့်သွားသည်။
"ဆောရီးပါဟာ...ငါကျော်ကြီးမှတ်ပြီး စလိုက်မိတာပါ"
"ဘာ...ငါက ကျော်ကျော်ခိုင်နဲ့ တူစရာလားဟဲ့"
တဖက်မှာ ကျွန်တော့်စကားကြောင့် ဆွေ့ဆွေ့
ခုန်နေတုန်း...
"ဟေ့ကောင် တာကြီး"
'ဟင်'
သြော်...ဒင်းက ဒီနေ့ကျမှ ပုဆိုးလေး ရှည်ရှည်ဝတ်ပြီး လွယ်အိတ်လေးဘေးကလွယ်လို့ လျှောက်တော်မူလာသည်။ အခုလိုကြည့်တော့ ဘယ်လိုမှ မှားစရာအ​ကြောင်းမရှိဟုဆိုရပေမည်။  သို့သော် အနောက်ကကြည့်ရင် အရပ်အမောင်းနှင့်ကိုယ်ထည်မှာ ခပ်ဆင်ဆင်ဖြစ်၍ လူမှားသွားခြင်းဖြစ်သည်။ဆံပင်တိုတာချင်းလည်းတူသည်။ ​ကျော်ကြီးဝတ်
တတ်သော တီရှပ် ဖြူပြာစင်းနှင့်အမြင်မှား၍ အခုလို လူမှားရခြင်းဖြစ်သည်။
"ငါ တကယ်တောင်းပန်ပါတယ်နော်...ကျော်ကြီးက အခန်းဝမှာ ရပ်နေကျဆိုတော့ သူမှတ်လို့ စလိုက်ပါဟာ..ငါ နင်မှန်းမသိလို့ပါ။"
"တော်ပြီ။ ထားလိုက်တော့"
သူမက ချာ ခနဲလှည့်ထွက်သွားသည်။ ထို့နောက် တီချယ်ဝင်လာ၍ စာသင်ကြသည်။
ကျွန်တော်က နောက်ဆုံးတန်းတွင်အမြဲထိုင်ပြီး သူမက လေးခုံမြောက်တွင် ထိုင်သည်။
ကျွန်တော်သူမကို ဒူးနဲ့တိုက်သည့်နေ့မှစ၍ သူမ ထိုအကျ်ီကိုမဝတ်တော့တာသတိထားမိသည်။ ကျွန်တော်လည်း ဒူးနဲ့မတိုက်တော့။
နောက်မှ ကျော်ကျော်ခိုင်မိတ်ဆက်ပေး၍ သူမတို့နှင့်ရင်းနှီးခဲ့သည်။ သူမတို့ ဆိုသည်မှာ စန္ဒီနိုင် နှင့် ခိုင်အိ ဆိုသော မိန်းကလေးများဖြစ်သည်။ ခိုင်အိနဲ့ စန္ဒီနိုင်မှာ ကျောင်းတူ ကျူရှင်တူ best friend များ​​ဖြစ်ပြီး
ကျွန်တော်နဲ့ ထွန်းရှည် ခေါ် ထွန်းရှိန်ဝါ မှာ တစ်ကျောင်းထဲသား ငယ်သူငယ်ချင်းစစ်စစ်ကြီးတွေဖြစ်သည်။  ဒူးတိုက်သည့်အကျိုးကျေးဇူးကြောင့် ကျွန်တော်တို့ ငါးယောက် အတော်ရင်းနှီးသွားကြသည်။

xxx

ဒါကတော့ ကျွန်တော်တို့ ၅ ယောက် bff အဖွဲ့လေးပေါ်ပေါက်ရခြင်းရဲ့ ဇာတ်မြစ်ပေါ့။

မတော်တဆ 🤍💋❤Where stories live. Discover now