Room 3 (Confession)

584 27 0
                                    

သက္ကရာဇ်တွေအလီလီပြောင်းရွှေ့လာရင်း ဘာလိုလိုနဲ့ ကျွန်တော်တို့သူငယ်ချင်း ငါးယောက်လုံး ဘွဲ့အသီးသီးရခဲ့ကြတယ်။ ထမင်းစားလက်မှတ်တစ်ခု ရခဲ့ပြီပေါ့ဗျာ။ ခိုင်လေးနဲ့ ကျော်ကြီးတို့က နိုင်ငံခြားမှာကျောင်းတက်ဖို့ဆက်လုပ်ကြတယ်။
ထွန်းရှည်ရယ် စန္ဒီနဲ့ကျွန်တော်ကတော့ ရိုးရိုး သင်တန်းလေးတွေပဲဆက်တက်နေတာပေါ့။
ဒီလိုနဲ့ နယူးရီးယားညမှာ အားလုံးပြန်ဆုံခဲ့ကြတယ်။
ကျွန်တော်တို့ငါးယောက်ဟာ ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်စီ အိပ်မက်နောက်လိုက်ဖို့ အလုပ်တွေစရှုပ်ကုန်တော့ အဖွဲ့လိုက် သိပ်မစုံဖြစ်ကြတော့ဘူး။ ကျော်ကြီးနဲ့ခိုင်လေးဆို တချိန်လုံး စာတွေဖိလုပ် သင်တန်းတွေဆက်တက်နေ​တော့ မုန့်စားဖို့တောင် မနည်းပင့်ယူနေရတယ်။ နောက်တော့
ထွန်းရှည်ရဲ့အဖေကတာဝန်ကျတဲ့ နယ်မြို့လေးဆီ ပြောင်းနေရတယ်။သူက သင်တန်းတက်ဖို့ ရန်ကုန်မှာ သူ့ဦးလေးနဲ့အတူနေကျန်ခဲ့တယ်ပေါ့။ အဲ့ဒီလိုနဲ့ ကျွန်တော်တို့ မသိမသာလေး အမြင်ဝေးသွားခဲ့တယ်။ တနေ့တော့ ထွန်းရှည်မျက်နှာမသာမယာနဲ့ ကျွန်တော့်အိမ်ရောက်လာတယ်။
"ဟေ့ကောင် တာကြီး...ငါ နယ်ပြန်ရတော့မယ်ကွာ" တဲ့။
"အေး..ပြန်ပေါ့။"
"ဟ ခဏပြန်တာမဟုတ်ဘူး။ အပြီးပြန်ရမှာ"
ကျွန်တော် ထွန်းရှည်ကိုကြည့်လိုက်တော့ သူဝမ်းနည်းနေပုံပေါ်တယ်။ အဲ့လိုဆိုတော့ကျွန်တော်လည်း နည်းနည်းစိတ်ညစ်သွားတယ်။
"ဘာဖြစ်လို့တုန်း....မင်းဦးလေးနဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတာလား"
"ငါ့အဖေ နေမကောင်းဘူး။ ငါ့အမေကငါ့ကိုဖုန်းဆက်ရင်းငိုနေတယ်...ငါပြန်မှဖြစ်မယ် သားရီး"
ကျွန်တော်ဘာမှဆက်မပြောဖြစ်ပါ။
"သင်တန်းလဲပြီးတော့မှာဆိုတော့ ၁ လပိုင်းလောက် ငါပြန်ဖြစ်မယ်ထင်တယ်။သင်တန်း
လေးတော့ပြီးအောင်တက်သွားတာပေါ့ကွာ"
ထွန်းရှည် က ကျွန်တော့်ကိုတောင်မကြည့်တော့ဘဲပြတင်းပေါက်ကိုသာငေးနေတယ်။ မျက်ရည်တွေဘာတွေကောက်ဝဲနေမလား လှမ်းကြည့်တော့ တည်တည်ငြိမ်ငြိမ်ပဲ။ ကျွန်တော်လည်းကိုယ့်ငယ်သူငယ်ချင်းနဲ့ခွာရတော့မှာမို့ စိတ်ထဲမကောင်းဘူးပေါ့။ ဒါတောင် ဟိုသုံးယောက်မသိသေးဘူး။ သိရင် တားကြမှာ။
ဒီလိုနဲ့ new year ညကိုရောက်လာတယ်။
ကျွန်တော်တို့၅ယောက်လုံး ကျော်ကြီးအိမ်မှာစုကြတယ်။ ကျန်တဲ့အချိန်ဆို စန္ဒီနဲ့ခိုင်လေးတို့မိဘတွေက စိတ်မချပေမယ့် ကျွန်တော်တို့အတူရှိနေရင်တော့ လျောလျောလျူလျူ ခွင့်ပြုတယ်။ခွင့်ပြုမှာပေါ့....ကျော်ကြီးအဖေနဲ့ ခိုင်လေးအဖေက ညီတစ်ကို နှစ်ဝမ်းကွဲတော်တယ်လေ။ ညအိပ်ခါနီးရင် ကျွန်တော်တို့က အောက်ထပ်မှာ အိပ်ပြီး မိန်းကလေးတွေက အပေါ်ထပ် ကျော်ကြီးရဲ့အစ်မအခန်းမှာစုအိပ်တယ်။
New year party ဆိုတော့ ကျော်ကြီးတို့အိမ်က စားစရာတွေစီစဥ်ပေးတယ်။ ကျွန်တော်တို့က သောက်စရာသယ်လာပေးရုံပဲ။ သောက်စရာဆိုတာ ​ဝိုင် နဲ့ ဘီယာ လောက်ပါပဲ။ကျော်ကြီးရဲ့မိဘတွေက လူငယ်တွေနဲ့အလိုက်အထိုက်ပေါင်းသင်းဆက်ဆံတတ်တဲ့မိဘမျိုးဆိုတော့ ကျွန်တော်တို့နဲ့ အတော်အဆင်​ပြေတယ်။ချစ်လည်းချစ်ရှာတယ်။ အဲ့ဒီ့ညကခြံရှေ့မှာပဲ စားဝိုင်းလေးဖွဲ့ပြီး စားကြသောက်ကြတယ်။
ဒီလိုနဲ့ ၁၂ နာရီထိုးဖို့ စက္ကန့်ပိုင်းလေးအလိုမှာ ကျော်ကြီးက ထအော်တယ်။
"ကဲ အားလုံး တူတူအော်မယ်ဟေ့"
"5...4....3...2...1 Happy New Year ဟေး"
ကျွန်တော်တို့အားလုံး သံပြိုင်အော်လိုက်ကြတယ်။ ကျွန်တော်တို့ကိုယ်စီ နှစ်သစ်ဆုတောင်းတွေ စိတ်ထဲမှာတောင်းလိုက်ကြတယ်။ နောက် ခဏလောက် သီချင်းတွေဆိုကြ ကကြပြီး ပွဲသိမ်းလိုက်တယ်။ ကျော်ကျော်ခိုင့်အမေနဲ့အစ်မကို ကူစရာမလိုကြောင်းအတင်းပြောယူလိုက်ရသေးတယ်။
စန္ဒီခိုင်နဲ့ ကျွန်တော်က ပန်းကန်တွေလိုက်သိမ်းပြီးမီးဖိုချောင်ကိုပို့ပေးရတယ်။ ထွန်းရှည်နဲ့ခိုင်လေးက ပန်းကန်တွေဆေးတယ်။ ကျန်တဲ့အိမ်သားတွေအိပ်နေကြပြီမို့ ကျွန်တော်တို့ပဲကျန်ခဲ့တယ်။
ဝယ်သမျှ ဘီယာတွေဝိုင်တွေအကုန်သောက်ထားတော့ အကုန်လုံး ရေးတေးတေး မူးနေကြတာပေါ့။ အိမ်ရှင် ကိုကြီးကျော်ကတော့ နာမည်နဲ့လိုက်အောင် တွေ့တာအကုန်သောက် နှစ်ပင်လိမ်ပြီး မှောက်သွားရှာတယ်။ သိမ်းစရာအကုန်လုံး ကျွန်တော်နဲ့စန္ဒီကသိမ်း ဟိုနှစ်ယောက်ကဆေးကြောရတာပေါ့။
ခဏနေတော့ မီးဖိုထဲက တခုခုပြုတ်ကျတဲ့အသံတဲ့ကြားလိုက်ရတယ်။ သိပ်အကျယ်ကြီးမဟုတ်လို့ဘယ်သူမှနိုးမလာဘူး။ ခိုင်လေးတစ်ယောက် မီးဖိုချောင်ကနေ အလောတကြီးထွက်လာတယ်။
မျက်နှာမှာ တစ်ခုခုပေနေသလိုအုပ်ထားပြီး ထွက်လာတာ။
"ဟဲ့ မိခိုင် ဘာဖြစ်လာတာလဲ။"
စန္ဒီမေးတာတောင်မဖြေနိုင်ဘူး။ အပေါ်ထပ်တက်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်လည်းအူကြောင်ကြောင်နဲ့ပေါ့။ တအောင့်နေတော့ ထွန်းရှည် ပါထွက်လာတယ်။ ဒီကောင်လည်း ရုပ်ကဘာဖြစ်နေလဲမသိ....။
"ဟျောင့်...မင်းဘာဖြစ်နေတာလဲ။"
"ဘာမှမဖြစ်ဘူး"
"ဘာမှမဖြစ်ဘဲနဲ့တော့မနေဘူး။ မိခိုင်က မျက်နှာကြီးအုပ်ပြီး အပေါ်တက်သွားတယ်။ မင်းကနောက်ကနေ ရှက်ကိုးရှက်ကန်းနဲ့ထွက်လာတယ်။"
"ဟမ် ဟုတ်လား....သူ သူမျက်နှာကြီးအုပ်သွားတယ်ဟုတ်လား"
တခုခုတော့ တခုခုပဲ လို့ စန္ဒီနဲ့ကျွန်တော် ရိပ်မိလိုက်တယ်။ ပြောမဲ့သာပြောတာ ဒီကောင် ထွန်းရှည်က ဆယ်တန်းတုန်းက 'မမေ့နိုင်သောနေ့' စာစီစာကုံးမှာ သူနဲ့ ခိုင်လေး ကျူရှင်ကအပြန် မိုးတွေမိပြီးဖျားကြတာကိုရေးဖူးတယ်။မြန်မာစာဆရာမကတော့ ဘာပြောကောင်းမလဲ ဆဲတာပေါ့။ အဲ့ဒီ စာစီစာကုံးအကြောင်းကို သိတာကျွန်တော်တို့သုံးယောက်ပဲရှိတယ်။စန္ဒီလည်းအဲ့ဒီ့ကိစ္စကိုသွားသတိရတယ်နဲ့တူတယ်။
"ဟဲ့ ထွန်းရှည်"
"ဟေ...."
စန္ဒီက သိမ်းလက်စပန်းကန်တွေကိုစားပွဲပေါ်ပြန်တင်တယ်။နောက်ထွန်းရှည်ရော ကျွန်တော့်ကိုရောထိုင်ခိုင်းတယ်။ ကျွန်တော်နဲ့စန္ဒီကြားမှာ ထွန်းရှည်ကိုညှပ်ထိုင်ခိုင်းပြီးမေးကြတာပေါ့။
"ငါတို့ကို အမှန်အတိုင်း​ဖြေရမယ်နော်။"
"ဟ ဘာကိုလဲ"
"ဘာကိုမလဲနဲ့ ဟျောင့်...မင်းစာစီစာကုံးအကြောင်းသိကတည်းက ငါတို့ရိပ်မိနေတာကွ။မင်းလိမ်ဖို့မကြိုးစားနဲ့။"
ထွန်းရှည် ချွေးတွေပြန်လာတယ်။
"ငါတို့ bff ၅ယောက် စဖွဲ့တုန်းကထုတ်ထားတဲ့ rules တွေမှတ်မိသေးတယ်မလား။"
"ဟင်"
စန္ဒီ့ရဲ့အမေးမှာ ထွန်းရှည် ဟင် ခနဲဖြစ်သွားတယ်။ ကျွန်တော်တို့၅ယောက်အဖွဲဲ့ မိတ်ဖွဲ့ကြတုန်းက သူငယ်ချင်းအချင်းချင်း ဖွန်မကြောင်ရဘူး လို့ကတိပေးဖူးကြတယ်။ အခုတော့ စည်းဖောက်မယ့်ကောင်ကိုတွေ့ပြီပေါ့။
"ကိုယ့် bff ကို စိတ်ဒုက္ခမပေးရဘူး။ ဖွန်မကြောင်ရဘူးလို့ ငါတို့ကတိပေးထားတာ မင်းမမှတ်မိဖူးလား။"
ထွန်းရှိန်ဝါဆိုတဲ့ငတိက အခုမှမုန့်ခိုးစားတာမိတဲ့မျက်နှာမျိုးနဲ့​ကုတ်နေတာပဲ။ ဒီကောင် မိခိုင်ကိုဘာလုပ်လိုက်လို့ ဟိုကထထွက်သွားရတာပါလိမ့်။
"နေစမ်းပါအုံး ထွန်းရှိန်ဝါရယ်...နင်ခိုင်အိကိုဘာသွားလုပ်လိုက်လို့..ဟိုကမျက်နှာတွေရဲပြီးအပေါ်တက်ပြေးသွားရတာလဲ။ မဟုတ်မှလွဲရော....
နင်....နင်ငါ့သူငယ်ချင်းကို ပါးရိုက်လွှတ်...."
"ဟာ...ငါကြိုက်နေတဲ့ကောင်မလေးကို ငါပါးရိုက်စရာလားဟ..."
"ဘာ"
ထွန်းရှည်ရဲ့စကားအဆုံးမှာ ကျွန်တော်တို့နှစ်ယောက်စလုံး 'ဘာ' ဆိုပြီး အကျယ်ကြီးထွက်သွားသည်။
"မင်းမေလင်အိမ်မို့လို့ အကျယ်ကြီးထအော်နေတာလား။ ကြားသွားဦးမယ်..."
"အောင်မာ...သူခိုးကများ ဆရာလာလုပ်နေသေးတယ်..."
စန္ဒီမက စိတ်တိုသွားပြီး ထွန်းရှည်ကို နားရင်းထအုပ်လိုက်တယ်။ ကောင်းတယ်။
"အဲ့ဒီတော့ နင်က ခိုင်အိကိုကြိတ်ခိုက်နေတာသေချာပြီပေါ့။"
ငတိကခေါင်းငြိမ့်တယ်။
"ဒါဆို မင်းသူ့ကိုဘယ်လိုလုပ်လိုက်လို့သူထွက်ပြေးသွားတာလဲ။"
"ငါ.....သူ့ကို......."
ထွန်းရှည်တစ်ကောင်ဟာ ပြောမယ့်အရေးကို ကုလားကားလို မရှည်ရှည်အောင်ဆွဲ့ဆန့်နေတယ်။
"ဟျောင့် ပြောမှာသာပြော"
"ငါသူ့ကို သွားနမ်း..မိ...."
"ဘာ...နမ်းတယ်...ငါ့သူငယ်ချင်းကို....ဒီမသာ..."
"ဟာ..ဟက် စန္ဒီမ...နင်လွန်မယ်...အား..အား"
ဒေါသအလိပ်လိပ်လိုက်တက်လာသော စန္ဒီနိုင်တစ်ယောက် ထွန်းရှည်ကျောကို မနားတမ်းထုတော့တယ်။မိန်းကလေးအား​ဆိုပေနဲ့ အထင်တော့မသေးစေချင်။ စန္ဒီမရဲ့လက်သီးအားကိုကျွန်တော်အသိဆုံးပေါ့။ Uni မှာတုန်းက သူနဲ့ချိန်းထားတာကိုမေ့ပြီး စော်လေးတစ်ပွေနဲ့လျှောက်လည်နေတာသူသိသွားတော့ ကျွန်တော့်ကိုရှယ်ထုပါလေရောလား။ အဲ့ဒီတုန်းက ကျောတွေအောင့်လို့ပက်လက်ပင်မအိပ်နိုင်။
"ခွေးကောင်....ငါ့သူငယ်ချင်း နုနုဖက်ဖက်လေးကို နင်က ပါးသွားနမ်းတယ်ဟုတ်လား..ကဲဟာ"
"အား သေပါပြီ..အဆုတ်တွေကွာကျတော့မယ် သော်တာခွန်း....ငါ့ကိုကယ်ပါဦး"
ပုံမှန်ဆို ထွန်းရှိန်ဝါဟာ ခန္ဓာကိုယ်၊အရပ်အမောင်း၊ အားက အစ စန္ဒီနိုင်ထက်သာလွန်ပေမယ့် သူအမှားလုပ်ထားတော့အံကြိတ်ပြီးခံနေရတယ်။ ကျွန်တော်လည်း အမြင်ကတ်လို့ လွှတ်ထားလိုက်တယ်လေ။
"စန္ဒီမ ရယ်...ငါကရော နင့်သူငယ်ချင်းမဟုတ်ဘူးလားဟင်...ငါမှားတာငါသိပါတယ်ဟာ..ဒါပေမယ့်..ငါ"
စန္ဒီ ခဏရပ်လိုက်တယ်။
"ဒါပေမယ့် ဘာဖြစ်လဲ"
"ငါက ချစ်တာကို..."
အသံတိုးတိုးလေးနဲ့ ပြောတော့ ဟိုက ပိုဒေါသထွက်ပြီးထပ်ထုရော။ သူတို့ကိုကြည့်ရင်း ဒေါသထွက်နေတာတောင်ဘယ်ရောက်သွားလဲမသိတော့ဘဲ ရယ်ချင်လာတယ်။
"ကဲ တော်ကြပါတော့ကွာ...စန္ဒီနိုင် နင်လဲတော်တော့ ဟိုကောင် အဆုတ်ကွဲသွားဦးမယ်။"
"ကွဲပလေ့စေ...စည်းဖောက်တဲ့အကောင် နည်းတောင်နည်းသေး ဟွန့်"
"သြော်...အဆုတ်ကွဲပြီး ဒုက္ခိတ ဖြစ်တော့ နင်တာဝန်ယူမှာလား"
စန္ဒီမ ဆက် ခနဲ ဖြစ်သွားတယ်။ ကျွန်တော့်ကို ခုန်အုပ်တော့မယ့်ကျားမတစ်ကောင်လိုကြည့်တယ်။
ထွန်းရှည်က လက်ကာပြကာ ငြင်းတယ်။
"အမလေး...ငါ့အဆုတ်ကွာပြီးသေချင်သေပလေ့စေ..စန္ဒီမလို ဘောပြားကိုတော့တာဝန်မယူခိုင်းဘူး။"
"ဒီ ခွေးသူတောင်းစားကတော့...နင် ဒီနေ့ သေနေ့စေ့ပြီ သိလား"
စန္ဒီနိုင်ရဲ့ လက်ဝါးတဖက်ဟာ လေပေါ်ကနေ မြောက်တက်ပြီး ထွန်းရှည်ဆီကို ဗဟိုပြုလာနေတယ်။ ဒါပေမယ့် ကျွန်တော် ဖြတ်ဖမ်းလိုက်လို့ ဟိုကောင် ချမ်းသာရသွားတယ်။
စန္ဒီ့ရဲ့လက်ဖျံနားကိုတင်းနေအောင်ဆုပ်ကိုင်ဖမ်းလိုက်ရတယ်။
"ကဲ တော်ပါတော့ မိစန္ဒီနိုင်ရယ်...နှစ်ယောက်လုံးက နင့်သူငယ်ချင်းအရင်းကြီးတွေပဲ ဥစ္စာ...ပြီးတော့ ထွန်းရှည်က နယ်ပြန်တော့မယ်ဟ"
"ဟင်"
"ဟုတ်တယ်။ အဲ့ကောင် အဖေ နေမကောင်းလို့ နယ်ပြန်ပြီး မိသားစုကိုဦးဆောင်ရတော့မယ်။သင်တန်းပြီး နောက်နေ့ ပြန်မှာ..."
စန္ဒီနိုင် ထွန်းရှည်ကို ကြည့်နေတယ်။ နောက်တော့ ဘာမှမလုပ်တော့ဘဲငြိမ်ငြိမ်လေးထိုင်နေတယ်။
ထွန်းရှည်လည်း တွေးရင်းစိတ်မကောင်းဖြစ်နေတယ်။
"ငါ့ကြောင့် စိတ်ညစ်သွားတယ်ဆိုလည်း ငါတောင်းပန်ပါတယ်ဟာ...ငါ့အဖေနေမကောင်းတာ ကြာပြီ..ငါနယ်မပြန်ချင်တာသိလို့ အမေကဖုန်းဆက်ရင်အဲ့အကြောင်းတွေမပြောပြဘူး။ဒါပေမယ့် ငါ့အဖေရဲ့ကျန်းမာရေးက ဘေးမှာလူတစ်ယောက်ရှိမှဖြစ်တော့မယ်။ဒီလိုဆို ငါ့အမေရဲ့ဆန်ဆိုင်လေးကိုဆက်ဖွင့်ဖို့ငါရှိမှဖြစ်မှာကွ။"
ကျွန်တော်တို့နှစ်ယောက် တိတ်ဆိတ်နေခဲ့တယ်။
"ငါ ခိုင်လေးကို ချစ်နေတာကြာပြီ။ ငါတို့ထုတ်ထားတဲ့စည်းကမ်းတွေလည်းငါသိပါတယ်။ဒါပေမယ့်...ငါမသွားခင်လေးတော့ ငါချစ်တာသူသိအောင်ပြောခဲ့ချင်တာပေါ့ဟာ။"
"နင်ကပြောရုံတင်မဟုတ်ဘူး။ သက်သေပါပြလိုက်တာလေ အခုက.."
"ဒါကတော့ ငါလည်း အစက နမ်းဖို့အစီအစဥ်မရှိပါဘူးဟာ...ကြည့်နေရင်းနဲ့ အူယားလာလို့ နမ်း..."
"တော်....တော်ပြီ ဆက်မပြောနဲ့တော့"
အဲ့ဒါတော့ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။Bff ချင်း ရည်းစားဖြစ်တာကို သဘောမကျပေမယ့် လူတစ်ယောက်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အချိန်တိုင်းအတွက်မလွယ်ကူနိုင်ဘူးလေ။ ခိုင်လေးက စန္ဒီမ လိုထောင်ထောင်မောင်းမောင်း ကျားကျားယားယားမဟုတ်။ ပုသေးသေးနဲ့ ချစ်စရာကောင်းတယ်။ အရမ်းကြီး နူးညံ့တဲ့ထဲမှာမပါပေမယ့် တည်ငြိမ်အေးဆေးတဲ့မိန်းကလေးမျိုး။ ထွန်းရှည်လို ရှူးဒိုင်းသမားက ခိုင်အိလိုလူအေးမျိုးကိုမှ မျက်စိကျရသလားလို့တောင်အံ့​သြ
​နေမိတယ်။
အချစ်က တကယ့်မျက်ကန်းပဲ။

MJ🍀

wow! 2255 words....!!! 😳
အများကြီး ရေးချလိုက်တာပဲ။ 😍

မတော်တဆ 🤍💋❤Where stories live. Discover now