Room 38 (WTIA 2)

341 20 6
                                    

မခင်နှင်းဆီနဲ့ ဖုန်းပြောလို့အပြီးမှာ ကျွန်မ တကိုယ်လုံး ခွေကျသွားခဲ့တယ်။ နဂိုထဲက တနေ့ဖြစ်လာလိမ့်မယ်ဆိုတာကို သိထားလည်း...တနေ့ကြုံလာမယ်ဆိုတာကို လက်ခံထားလည်း တကယ်တမ်း ကြုံတွေ့ရချိန်မှာတော့ ကျွန်မဟာ ပျော့ညံ့သူတစ်ယောက်လို ပြုမူခဲ့ပါတယ်။
သော်တာခွန်းဟာ ဟိုးအရင်တုန်းကလိုပဲ ရေအိုင်ထဲက လရိပ်သာ....။
ကိုယ်မပိုင်တဲ့ အရာတစ်ခုကို ခဏ​လေးဖမ်းဆုပ်ထားခွင့်ရလိုက်တာကို တသက်လုံး အပိုင်ရချင်မိတဲ့ လောဘစိတ်တွေ...နှစ်တွေအကြာကြီးနေမှ ရလာတဲ့ နီးစပ်မှုတွေနဲ့ ကျွန်မ အိပ်မက်ထဲမှာ ပျော်နေခဲ့မိတယ်။ အခုတော့ ရုတ်တရက် အိပ်မက်ကနေလှုပ်နှိုးခံရသလိုပဲ။
အိပ်မက်က အိပ်မက်ပဲမို့ ကျွန်မ ခံစားချက်အမှန်တွေကို သူမြင်အောင်မပြတော့ဘဲ ကြိတ်ခံစားခဲ့တယ်။ အနေဝေးတုန်းကလည်း ဝေးသလို တကိုယ်ရည်လွမ်းဆွတ်တမ်းတခဲ့ရသလို တအိမ်ထဲနေလာတော့လည်း တစ်ယောက်ထဲကြိတ်ချစ်ခဲ့ရတာ....သော်တာ့မျက်လုံးထဲမှာတော့ ကျွန်မဆိုတဲ့ စန္ဒီနိုင်ဟာ ငယ်ငယ်လေးထဲကပေါင်းလာတဲ့ ငယ်သူငယ်ချင်းမလေး စန္ဒီမ။
သူငယ်ချင်းကိုချစ်မိလို့ အသည်းကွဲရတာ...တကယ့်ချစ်သူတွေဖြစ်သွားတာ ဆိုတဲ့ ဇာတ်လမ်းတွေကျွန်မပတ်ဝန်းကျင်မှာ အများကြီးဖြစ်ပျက်နေဆဲ။ ကျွန်မအလှည့်ကျတော့မှ အတူနေပြီး အသည်းကွဲနေရကြီးက တကယ့်ကိုငရဲတစ်ခုပါပဲ။ မြင်သာမြင် မကြင်ရဆိုသလိုပေါ့။သော်တာက အပြောအဆိုမတတ်ပေမယ့် တကယ်ကြင်နာတတ်တဲ့သူဆိုတာ ကျွန်မသိတယ်။ သူချစ်တဲ့ လူနည်းစုလေးကို မသိမသာ ကြင်နာပြတယ်။ ကျွန်မအပေါ်လည်းကြင်နာပါတယ်...လိုအပ်နေတဲ့ အကြင်နာစစ်တွေနဲ့တော့မဟုတ်ဘူး။
လူတစ်ယောက်ရဲ့အမြင်တွေကို မျက်ကပ်မှန်တွေက ပြောင်းလဲပေးနိုင်ရင်ကောင်းမယ်။ ဒီလိုဆို သော်တာခွန်းဆိုတဲ့သူကို မျက်ကပ်မှန်လေးတစ်စုံလက်ဆောင်ပေးလိုက်ချင်တာ...ကျွန်မကို သာမန်မိန်းကလေးတစ်ယောက်လိုမြင်စေမယ့် မျက်ကပ်မှန်လေး။ ဒီလိုဆို သူနဲ့ကျွန်မရဲ့ အခြေအနေတွေဟာ တမျိုးတမည်ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်မဟုတ်လား။
သူ့ရဲ့တချိန်က ငယ်ချစ်ဦး ပြန်ရောက်နေတယ်ဆိုတာသိကတည်းက ကျွန်မ ဘယ်လိုမှ အဆင်ပြေမနေတော့ဘူး။ သူမကို မုန်းတီးစက်ဆုတ်တာတွေ မကျေနပ်တာတွေရှိလို့မဟုတ်ဘူး။ တကယ်လို့ သူမကိုမုန်းတီးမနာလိုစိတ်ထားမိရင်တောင်..နှင်းပွင့်စံ ဆိုတဲ့အမျိုးသမီးထက် 'ငယ်ချစ်ဦး' ဆိုတဲ့အခေါ်အဝေါ်လေးကို မနာလိုမိတာပဲဖြစ်လိမ့်မယ်။ ကျွန်မ သိပ်မက်မောတဲ့ ရာထူးလေးတစ်ခုကို လိုချင်မိသလိုမျိုး။
အခုတော့ ကျွန်မ အရာအားလုံးကို လွှတ်ချလိုက်ဖို့သာ စဥ်းစားတော့တယ်။ အစကတည်းက ကျွန်မတို့ဟာ တကယ်ချစ်လို့ယူထားကြတာမှမဟုတ်ဘဲလေ။ နေ့ရက်တိုင်း အမြဲ မြင်တွေ့နေရလို့ ဖြစ်ပေါ်လာတဲ့ သော်တာ့ရဲ့ ရင်းနှီးမှုလေးတွေကတော့ ​ခြွင်းချက်ပေါ့။ ကျွန်မအတွက် အဲ့ဒီခြွင်းချက်လေးတွေနဲ့ ဆုံတွေ့ရတိုင်းမှာ အိပ်မက်မက်နေသလိုပါပဲ။ အခုတော့ နိုးထရမယ့်အချိန်ကိုရောက်လာပါပြီ။
X
'ဒေါက် ဒေါက် ဒေါက်'
တံခါးခေါက်သံကြောင့် သော်တာခွန်းသွားဖွင့်လိုက်တော့ ဖြူဆုတ်ဆုတ်မျက်နှာလေးနဲ့ မတ်တပ်ရပ်နေသော သူမ။
"ငါတို့ ခဏလောက်စကားပြောရအောင်...အိမ်ရှေ့မှာ စောင့်နေမယ်"
အရင်လိုတက်ကြွသည့်စွာ​သံနှင့်မဟုတ်ဘဲ အေးအေးဆေးဆေးပြောကာ လှည့်ထွက်သွားသည်။ သော်တာခွန်း အနည်းငယ် ကြောင်အအဖြစ်ကာ သူမသဘောအတိုင်း ထွက်လာခဲ့လိုက်သည်။
"ဘာပြောမလို့လဲ"
တည်ငြိမ်းလေးနက်သည့် သူ့စကားပြောသံသည် ကရုဏာသံပေါက်သည်။ ဘယ်လိုပင် ပေါင်းရသင်းရခက်သည်ဆိုပါစေ...သော်တာခွန်း၏ တဖက်သားအပေါ်ပြုမူပြောဆိုပုံတို့သည် လူကြီးလူကောင်းဆန်၏။ သို့ပေမယ့် ထိုအသံလေးကို နှုတ်ဆက်ရတော့မည်လား။ စန္ဒီနိုင် ဘာတွေးတွေး ဝမ်းနည်းစိတ်သာကြီးစိုးနေသည်က မျက်နှာတွင်အတိုင်းသားမြင်နေရသည်မို့ ခေါင်းလေးငုံ့ထားသည်။
ညိုစင်းသည့် ဆံနွယ်ရှည်များမှာ သူမမျက်နှာ​လေးကိုကွယ်ဖုံးထားသလိုပင်။ မျက်နှာကလည်း သွေးမရှိသလိုဖြူတော့နေ၍ သူအနည်းငယ်ပင်စိုးရိမ်သွားသည်။
"နေမကောင်းဘူးလား....စန္ဒီ"
နဖူးကို စမ်းတော့ သူ့လက်ဖဝါးကိုအသာဖယ်ကာဆိုသည်။
"ငါတို့ကွာရှင်းရအောင်"
"ဟင်...ဘာ"
"ကွာရှင်းရအောင်လို့...."
သူ့ကိုကွာရှင်းခွင့်တောင်းနေသည့် ထိုမိန်းကလေးကိုသေချာကြည့်မိသည်။
"ဘာလို့ကွာရှင်းမှာလဲ...နင်...ကောင်လေးရနေပြီလား"
သူမ အံ့သြစွာနဲ့ သူ့ဆီအကြည့်စူးစူးတွေဖြင့်ကြည့်လိုက်သည်။ သော်တာ့မျက်နှာကိုစေ့စေ့ကြည့်ပြီး မေးပစ်လိုက်ချင်ပေမယ့် အားလုံးကိုမြိုသိပ်လိုက်ရင်း မျက်နှာလွှဲကာ...
"ငါနင်နဲ့မနေချင်တော့လို့"
"ဘယ်လို..."
"နင်နဲ့အတူ မနေနိုင်တော့ဘူး...ငါနင်နဲ့နေရတာ တနေ့တနေ့ ပိုပြီးစိတ်ပင်ပန်းလာတယ်...အစကတော့ ငါတို့မတော်တဆ တအိမ်ထဲ တညတာကုန်ဆုံးသွားလို့...ပတ်ဝန်းကျင်က ကဲ့ရဲ့တာတွေ ဖိအားတွေကြောင့် နင်ငါ့ကိုလက်ထပ်မယ်ဆိုတုန်းက ငါခေါင်း​ငြိမ့်ခဲ့တယ်...ငါတို့က ဟိုးငယ်ငယ်လေးထဲက ခင်လာခဲ့တဲ့သူငယ်ချင်းတွေမို့လို့ ခဏတဖြုတ် အတူနေရလည်း အဆင်ပြေမယ်ထင်ခဲ့တာ...အခုငါ အဆင်မပြေတော့ဘူး...ငါဒီိအိမ်မှာနေရတာ မပျော်တော့ဘူး"
ဖျင်း ခနဲသွေးတွေစီးဆင်းသွားသလို ခံစားချက်ကြီးက သော်တာ့တကိုယ်လုံးကို လှုံ့ဆော်ပေးလိုက်သည်။ စစချင်း ဝမ်းနည်းစိတ်ဝင်သွားပေမယ့် သူမစကားများက တဖက်သတ်ဆန်နေသည်။ အမှန်ဆို သူမ ဒီလိုပြောဖို့မသင့်ပါ။ ဒါဟာ သူတို့ကာယကံရှင်နှစ်ဦး စိတ်တိုင်းကျရွေး​ချယ်ထားခြင်းမရှိဘဲ မတတ်နိုင်သည့်အနေအထားတစ်ခုကြောင့်သာ....
"ဘယ်သူက နင်နဲ့ နေရတာပျော်တယ်ထင်လို့လဲ ဟမ်...ငါတို့က...ငါတို့က ကိုယ့်သဘောနဲ့ကိုယ် ချစ်လို့ကြိုက်လို့ယူထားတာလား...ငါကပဲ နင့်ကိုအတင်းခိုးပြေးထားလို့လား..."
"ဘာ! ငါနဲ့မနေချင်ရင် ဘာလို့အစထဲက ငါ့ကိုလက်ထပ်ယူခဲ့သေးလဲ ဟမ်...ငါနင့်ကို အတင်းယူခိုင်းခဲ့လို့လား..."
"ငါအခုလို နင့်ကို လက်မထပ်ခဲ့ရင် ခုနေ နင်ဘာဖြစ်နေပြီလဲ နင်စဥ်းစားမိရဲ့လား...စန္ဒီနိုင်"
သူမ နာမည်အပြည့်အစံကိုခေါ်တော့ အကြည့်စူးစူးတို့က သူ့ဆီစိုက်ရောက်လာကြသည်။
ရင်ဘတ်ထဲမှ အမည်မသိ ၀ေဒနာတစ်မျိုးသည် သော်တာခွန်းကိုအတန်ငယ်နာကျင်စေနေ၏။
သို့ပေမယ့် မျက်ရည်များ၀ဲလာသောသူမကိုစိုက်ကြည့်ရင်း....
"ငါတို့ဖြူစင်တာငါတို့သိပေမယ့် ငါတို့မိဘတွေက သိလည်းလက်ခံပေးတာမဟုတ်ဘူး။ ငါသာနင့်ကိုတာ၀န်မယူခဲ့ဘူးဆိုရင် ပတ်၀န်းကျင်မှာငါက.....ငါက လူယုတ်မာကြီးဖြစ်နေပြီ..."
"အော် ဒါဆို နင်ကငါ့ကိုတာ၀န်ယူတဲ့အနေနဲ့ ယူခဲ့တာပေါ့။ အဲ့စကားကလေ...ငါတို့နှစ်ဦးသဘောတူထားတဲ့စာချုပ်လက်ထပ်မှုထက် ပိုဆိုးတယ်...ပိုခံစားရတယ် နင်သိလား။"
"သဘောတရားအတူတူပဲလေ...ချစ်လို့ယူထားကြတာမဟုတ်လို့ သဘောတူစာချုပ်ကိစ္စဖြစ်လာတာမဟုတ်ဘူးလား"
သူမကို သော်တာတကယ်နားမလည်တော့ပါ။ သူမ စိတ်ထဲက မကျေနပ်မှုတွေကို သူမထင်ထားမိခဲ့။
အေးစက်သည့် တိတ်တခိုးချစ်ရသူဆီက ရက်စက်သောစကားတို့ကို ကြားလိုက်ရပြီးနောက် သူမရင်ဘတ်တွေ အကြိမ်ကြိမ် ကြေကွဲနေရသည်။ သူ့ဆီက အချစ်ဆိုတဲ့အရာကို တခါမှမမျှော်လင့်ဖူးပေမယ့် လပေါင်းများစွာ အတူနေလာခဲ့သည့် သံယောဇဥ်များပိုခိုင်မာလာသည်ဟုထင်ထားခဲ့သော်လည်း လက်တွေ့မှာ သူမသည် သူ့အတွက် ဘာခံစားချက်မှမရှိသည့် သာမန်မိန်းမတစ်ဦးသာ.....။
နှင်းပွင့်စံနှင့်ပြန်လည်တွေ့ဆုံပြီးနောက် သူတို့သေချာစကားမပြောဖြစ်ကြတော့ပေ။ ထိုကိစ္စကိုလည်း သူမကို အစအနလေးတောင် ပြောပြခြင်းမရှိ။ သူ့ဘက်ကသာပွင့်လင်းခဲ့ရင်လည်း အလိုက်တသိနဲ့ ကွာရှင်းပေးလိုက်ဖို့သာ သူမတွေးထားပြီးသားဖြစ်သည်။ အခုတော့ မမျှော်လင့်ထားသော ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သူမဒီ့ထက်ပိုလို့ ပြိုလဲမသွားခင် အားလုံးက်ိုအဆက်ဖြတ်ခဲ့နိုင်မှသာ နေက်ဆံမတင်းမည်ဖြစ်၍ သော်တာ့ကို အခုလို ကွာရှင်းခွင့်တောင်းနေရခြင်းဖြစ်သည်။
"အေးပါ သဘောတရားတူတယ်ဆိုလည်း တူတယ်ပေါ့....ထားပါတော့...နင် နင့် နှင်းပွင့်စံနဲ့ပြန်တွေ့နေတာ ဘာလို့ငါ့က်ိုမပြောလဲ"
"ဟင်..."
စန္ဒီ....သိနေတာလား....
သော်တာအံ့သြသွားပြီး သူမကိုကြောင်ကြည့်နေမိသည်။ သူမကတော့ ဖြူလျော့စွာပင် အကြည့်လွှဲလိုက်သည်။
"နင် ဘယ်လိုလုပ်သိတာလဲ။"
"နင့်သူငယ်ချင်းတွေက ငါ့သူငယ်ချင်းတွေဆိုတာ  နင်မေ့နေပြီလား"
သော်တာခွန်း စိတ်ထဲကနေဟိုကောင်တွေကိုကျိန်ဆဲမိသည်။ သူမ သိသွားတာကို စိုးရိမ်သည့်အတွေးတချို့၀င်လာသည်။သို့ပေမယ့် သေချာတွေးလိုက်တော့ သူမနှင့်သက်ဆိုင်သည်တော့မဟုတ်။ သူမသိမှာက်ို စိုးရိမ်ဖို့ ပိုလို့ပင်မလိုအပ်သေးသည်။ သူတို့က တကယ်ချစ်ကြသည့်လင်မယားတွေမှမဟုတ်ဘဲ။
"တလောက နင်တို့နဲ့ကော်ဖီဒိတ်မှ ပထမဆုံးပြန်ဆုံဖြစ်တာ...ဘာလို့မေးတာလဲ"
"ငါတို့ စာချုပ်စည်းကမ်းမှာ နောက်ဆုံးအချက်က...ကိုယ်ချစ်တဲ့သူတွေ့လာရင် ကြည်ဖြူစွာနဲ့ နှစ်ဦးသဘောတူကွာရှင်းပေးရမယ်လို့ပါတယ်လေ....အခု ငါကွာရှင်းပေးရမယ့်အချိန်ရောက်ပြီလို့ငါထင်တယ်"
"ဟ ငါ့ဟာငါတောင် ချစ်လားမချစ်လား မသိသေးတာကို နင်ကဘာကိစ္စကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်လိုက်ရတာလဲ စန္ဒီနိုင် ရည်းစားနဲ့ပြန်တွေ့တိုင်း ကွာရှင်းရရင် အကုန်လုံး တခုလပ်တွေချည်းဖြစ်ကုန်မှာပေါ့..."
"ဘာဖြစ်ဖြစ် ငါကတော့ အခုထဲက တခါထဲရှင်းထားတာပိုကောင်းမယ်လို့ထင်တယ်...မတော်တဆ နင်နဲ့ငါ လင်မယားဆိုတာသာ နှင်းပွင့်စံသိသွားရင် ဘယ်လိုလုပ်မလဲ...နင်သူ့ကိုသိစေချင်တာလား"
"မသိစေချင်ပါဘူး ဒါမယ့်...."
"ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးတာနဲ့ နင်ကြိုက်တဲ့သူကိုချစ်လို့ရပြီ..ငါ့ကိုလည်း တာ၀န်ယူစရာမလိုတော့ဘူးပေါ့"
သော်တာ စန္ဒီ့ကို နားမလည်နိုင်အောင်ပဲရှိသည်။ တဖြည်းဖြည်း ပိုရင်းနှီးပြေလည်လာသော သူတို့ဆက်ဆံရေးလေးကို သူကျေနပ်နေတုန်းမှာပဲ လမ်းခွဲမယ်တဲ့လား။
တရိပ်ရိပ်တက်လာသော အပူချိန်က သူမတကိုယ်လုံးအနှံ့ ပြန့်နှံ့နေ၏။ အသက်ရှူလို့ရှူမှန်းမသိအောင်ပင် ဘာတုံ့ပြန်မှုမှမရသောကြောင့်စန္ဒီ အသက်ခပ်ပြင်းပြင်းလေး ရှူနေရသည်။ သိပ်မကြာခင် ပစ်လဲနိုင်သည့်အနေအထားမို့ ဒီအိမ်ကနေ အမြန်ဆုံးထွက်မှအဆင်ပြေလိမ့်မည်။ သူမထွက်သွားမယ်ဆိုတော့ သော်တာက သူမလက်တစ်ဖက်ကိုလှမ်းဆွဲကာ....
"နေပါဦး စန္ဒီရယ်...နင်ငါ့ကိုစိတ်ဆိုးနေတာလားဟင်...ငါ အနှင်းနဲ့ပြန်တွေ့နေတာကို စိတ်ဆိုးနေတာလား"
စန္ဒီနိုင်၏ နှုတ်ခမ်းစွန်းလေးများ ဖြည်းညင်းစွာကော့တက်သွားသည်။
"စိတ်ဆိုးလို့ရကြေးဆို ငါဟိုး ငယ်ငယ်လေးကတည်းက စိတ်ဆိုးနေတော့မှာပေါ့ သော်တာရယ်...အဲ့လိုသာ စိတ်ဆိုးလို့ရရင် ငါပြောတာ ငါဖြစ်စေချင်တာကို နင်ဖြည့်ဆည်းပေးမှာလား"
".................."
"ဟင်း.....နင်ဘာမှမတတ်နိုင်ပါဘူးဟာ..."
သော်တာခွန်း အနည်းငယ်ငြိမ်သက်သွားသည်။
စန္ဒီနိုင် ပြောသည့်စကားတွေကို သူအပြည့်အ၀ သဘောမပေါက်သေးပေမယ့် စိတ်ထဲမှာ သံသယ၀င်မိသည်။
"စန္ဒီ....မဟုတ်ဘူး...နင်ဘာတွေပြောနေတာလဲငါသိပ်နားမလည်ဘူး ဒါမယ့်....ငါ အခု အနှင်းနဲ့ပြန်တွဲနေတာ အဲ့ဒါ...."
"နင်ငါ့ကိုဘာလို့ လက်ထပ်ခဲ့တာလဲဟင်"
"ဟ ဒီကိစ္စက ငါတို့​​သဘောတူထားတဲ့အတိုင်း..."
"ဟုတ်တယ်...နင်ပြောသလို ငါတို့သဘောတူထားတဲ့အတိုင်း လက်ထပ်ခဲ့ကြတယ်။ နင့်အတွက်ကတော့ အဲ့ထက်မပိုဘူး...ငါက ပိုတယ်"
ဆို့နင့်၀မ်းနည်းနေသည့် သူမ သော်တာခွန်းကိုပြောနေရင်းက မျက်ရည်တွေလှိမ့်ဆင်းသွားသည်ကို သူတွေ့လိုက်ရသည်။ အရင်လို သူ့ကို အမြဲစိတ်တိုပြီး တခွန်းမကျန်ပြန်ပြောတတ်သည့် သူမက အခုသူ့အရှေ့တွင် ၀မ်းနည်းနာကျင်နေသော မိန်းကလေးတစ်ယောက်လို မျက်ရည်တွေစီးကျနေ၏။ သူမ ပြောနေတာတွေကို သေချာသဘောမပေါက်နိုင်သေး...သို့ပေမယ့် သူ့အရှေ့မှာ စန္ဒီငိုနေတာကို မြင်နေရတာကတော့ ဘယ်လိုမှအဆင်မပြေပါ။ စန္ဒီနိုင်ငိုရသည့် အကြောင်းအရင်းထဲတွင် သူကိုယ်တိုင်ပါ၀င်နေသည်ဆိုတာတော့ သေချာနေပြီ။ သို့သော်လည်း တလှိမ့်လှိမ့်စီးကျနေသော မျက်ရည်တွေကို လက်ခုံဖြင့် သုတ်ရင်း ခေါင်းငုံ့လိုက်သည့်သူမကို ကြည့်ရင်း သူ့ရင်ထဲမကောင်းဘဲ အနည်းငယ်ပင် စိတ်တိုလာသည်။
"ဘာလို့ ငိုနေတာလဲဟာ..ငါဘာလုပ်မိလို့လဲ နင့်ကို...နင်ပြောတာ ငါတစ်ခုမှ နားမလည်ဘူး စန္ဒီနိုင်...နင်ကလေ ငယ်ငယ်တုန်းကအတိုင်းပဲ စကားပြောရင် မူမမှန်ဘူး။ ပြတ်ရင်လည်း တိခနဲ...မပြတ်ရင် ဘာမှန်းမသိတော့ဘူး ​ေ၀ှ့လည်ကြောင်ပတ်နဲ့...နင်ဘာဖြစ်ချင်လဲ ငါ့ပြော...မငိုနဲ့တော့...နော်"
သူ သူမဆီကိုလျှောက်လာတော့ သူမ အနောက်ကိုခြေလှမ်းဆုတ်လိုက်သည်။
"နင်ဘယ်တော့မှ သိမှာမဟုတ်ဘူး...ငါကသာ နင့်ကို ကျောင်းသားဘ၀ထဲကနေ အခုချိန်ထိ နင်ကလွဲပြီး ဘယ်သူမှခေါင်းထဲမှာမထားခဲ့ဘူး...အခုထိ နင့်ကို...နင့်ကိုစိတ်မကုန်နိုင်သေးတဲ့ ငါ့ကိုယ်ငါတောင် မုန်းတယ် သိလား..."
".............."
"နင်ပြောသလိုပဲငါက မူမမှန်ဘူး...အဟင်း...ဟုတ်တယ်...မကြာခင် နင်ငါ့ကိုမြင်ရတော့မှာမဟုတ်ပါဘူးဟာ...ငါ့ကိုတွေ့ချင်တယ်ဆိုရင်တောင်...နင်မတွေ့ရတော့ဘူး..."
လက်သီးဆုပ်ကိုတင်းတင်းဆုပ်ကာ ငိုရင်း​ထွက်သွားသော သူမရှေ့တွင် သော်တာခွန်းကြက်သေသေနေခဲ့သည်။ သူမစကားများသာ နားထဲမှာ ပဲ့တင်ထပ်နေသည်။
'ငါ့ကို...စန္ဒီနိုင်က...ကျောင်းသားဘ၀ထဲကနေ...အခုထိ...'
'စန္ဒီက ငါ့ကို....အခုထိ...'
သတိပြန်ကပ်လာသောအခါ...သူမ မရှိတော့။

Sorry for being late, babies! 🥺

မတော်တဆ 🤍💋❤Where stories live. Discover now