Note! Title လေးရဲ့အဓိပ္ပါယ်လေးပြောပြချင်ပါတယ်။
ကိုယ်တို့ ငယ်ငယ်က English questions တွေမှာ Answer the questions ဆိုပြီးမေးကြပါတယ်။ ဒီအခန်းကိုရေးရင်း စဥ်းစားမိလို့ Kiss the question လို့ပေးလိုက်ပါတယ်။ ကျန်တာတော့ အဆုံးထိဖတ်ကြည့်လိုက်ပါနော်။ 😁🍀🍀🍀
ထွန်းရှိန်ဝါ ချစ်သူလေးရှိရာသို့ ကားမောင်းထွက်လာနေ၏။
ကားမောင်းနေရင်း ရေဒီယိုဖွင့်လိုက်စဥ် FM မှ သီချင်းတစ်ပုဒ်ကို နားထောင်ရင်းလိုက်ညည်းနေမိသည်။
"ခင်မင်ခဲ့ရတဲ့ အချစ်ဆုံး သူငယ်ချင်းရေ
တို့နှစ်ယောက် မရိပ်မိခင်မှာပဲ...ခိုင်မာသွားတဲ့ အကြင်နာနှောင်ကြိုးဟာ တို့အသည်းတွေကိုရစ်နှောင်မိ..."
သီချင်းလေးညည်းရင်း ဟိုးတုန်းက အမှတ်တရလေးတစ်ခုကို ပြန်သတိရသွားမိသည်။ တချိန်လုံးငေးကြည့်နေခဲ့ရသည့် သူမကို New Year ညတစ်ညမှာတော့ အနမ်းတစ်ပွင့်နဲ့ သူ့အချစ်တွေကိုထုတ်ဖော်ပြခဲ့သည်။ ထိုညလေးကြောင့် သူတို့နှစ်ယောက်၏ရင်ခုန်သံများပြောင်းလဲလာသော ညလေးဖြစ်သည်။ အဲ့ဒီညက သူမ၏အမူအရာ မျက်နှာလေးကို သတိရသွားသည်။ အချိန်ကြာလာတာနှင့်အမျှ စကားနည်းသည်ဟု ထင်ထားသော ချစ်သူသူငယ်ချင်းလေးမှာ အသက်ကြီးလာသလို စကားလည်းများလာ၏။ သို့ပေမယ့်
အရမ်းစွာတတ်လာသော ကြက်တူရွေးမလေးကို အူတွေယားပြီး အချစ်ပိုရဆဲပင်။ ကားထဲတွင် တစ်ယောက်ထဲ ပြုံးစိစိနဲ့ ပီတိဖြာနေစဥ် သူမက တိုက်ဆိုင်စွာပဲ ဖုန်းဆက်လာသည်။ ချစ်သူအသံချိုချိုလေးကြားရတော့မည်ဖြစ်၍ အသံချိုချိုလေးနှင့် နှုတ်ဆက်လိုက်သည်။
"ဟဲလို သဲလေး..."
"ဘယ်က သဲလေးလဲ။ နင်...နင် ခြံခုန်နေတာလား ဟမ်.."
သို့ပေမယ့် တဖက်ကတော့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့။ အသံချိုချိုလေးပျောက်ကွယ်ပြီး ဒေါသထွက်နေသော သာလိကာမ အသံသာထွက်လာ၏။
"မခုန်ရပါဘူးခိုင်ရယ်...ဒီလောက်ချစ်ဖို့ကောင်းတဲ့ချစ်သူလေးကိုပစ်ပြီး ခြံခုန်စရာလားလို့...သဲလေးဆိုတာ ကိုယ့်ရဲ့ခိုင် အကြောင်းတွေးရင်း ခိုင်ကဖုန်းခေါ်လာတော့ ကိုယ်ပျော်ပြီးခေါ်လိုက်တာပါ.."
တဖက်ကကျေနပ်သွားပြီး
"ပြီးရော...အာ့ဆို မြန်မြန်လာ...ဗိုက်ဆာနေပြီလို့"
"အိုကေ ကိုယ်ရောက်တော့မယ် စောင့်နေနော်"
"အွန်း"
"ဟူး....."
အချိန်မီဖြေရှင်းလိုက်၍တော်သေးသည်။ မဟုတ်ရင် ပြန်ချော့ရသည်ကား အနည်းဆုံး ၃ ရက်ပင်။ ထွန်းရှည် အဲယားကွန်းဖွင့်ထားသည့် ကားမောင်းနေရင်း လေပူများမှုတ်ထုတ်လိုက်သည်။
"အတိတ်နဲ့ပစ္စုပ္ပန်ဟာ ဘာမှမဆိုင်ပါလား"
x
ခိုင်အိ လက်ပတ်နာရီလေးကို တကြည့်ကြည့်နှင့် သူ့ကိုမျှော်နေမိသည်။ လုပ်ဖော်ကိုင်ဖက်တွေမှာ ထမင်းဆိုင်သို့အတူလိုက်ရန်ခေါ်သော်လည်း ချစ်သူလာမည်ဆို၍ နေကျန်ခဲ့သည်။ ဒီနေ့က နေ့တဝက်ပဲ အလုပ်ဆင်းရမည်ဖြစ်၍ ထွန်းရှိန်ဝါနှင့်အတူ အေးအေးဆေးဆေးဖြစ်မည့်တစ်နေရာတွင် ထမင်းစားရင်းစကားတွေပြောမည်ဟု ရည်ရွယ်ထားသည်။ အရင်နေ့တွေက ကိုယ့်မှာအလုပ်ပိနေခဲ့၍ ချစ်သူကိုသီးသန့်အချိန်မပေးနိုင်ခဲ့ပေ။ ရည်းစားစဖြစ်ကတည်းက သူ့အပေါ်တွင်ကြင်နာချစ်ပေးပြီး သူများထက်နားလည်ပေးသော ထွန်းရှိန်ဝါသည် ထိုကိစ္စနှင့်ပတ်သက်၍ တခွန်းမှမဟခဲ့။ ဒီနေ့တော့ ကျန်သည့်အချိန်လေးတွေကို သူနဲ့အတူကုန်ဆုံးဖို့ စဥ်းစားထားပြီး ခါတိုင်းထက်ပို၍ အလှပြင်လာခဲ့သည်။
အခုတော့ ကျေးဇူးရှင်က အခုချိန်ထိ ပေါ်မလာသေး၍ ကြည်နူးစိတ်များပျောက်ကာ ဒေါသအစားထိုးလာရသည်။ နှုတ်ခမ်းနီပန်းနုရောင် ဆိုးထားသော သူမ နှုတ်ခမ်းဖူးဖူးလေးမှာ ဆူထွက်စပြုလာသည်။ ဒီကြားထဲ ဖုန်းပြောတုန်းက 'သဲလေး' ဆိုသူမှာ ဘယ်သူလဲ။ သူပြောသလို ကိုယ့်ကိုချစ်စနိုးနဲ့ ခေါ်လိုက်တာလား။ ဒါမှမဟုတ် တကယ်ပဲ နောက်တစ်ယောက်ရနေပြီလား။ ခိုင်အိ စိတ်တွေပူလာတော့သည်။ ထိုစဥ် သူမအရှေ့သို့ ထွန်းရှိန်ဝါ ရောက်လာတော့သည်။
"Hello သဲလေး"
သဲလေး တဲ့။ထပ်ခေါ်ပြန်သည်။ ထိုနာမည်ကိုသူမ သဘောမကျနိုင်။ သူမဘေးတွင် ကပ်ထိုင်လိုက်သော သူ့ကို သေချာကြည့်နေ၏။
"ကို"
"ဟင်"
"ဘာလို့ ခိုင့်ကို ခိုင်လို့မပြောဘဲ သဲလေးလို့ခေါ်တာလဲ။"
သူမ အသံတွင် သံသယစိတ်ပါဝင်နေသည်။
"ခိုင့်ကို ခိုင် ချည်းပဲခေါ်ရတာရိုးလို့...သူများတွေခေါ်သလို သဲလေး ချစ်လေး ပြောင်းခေါ်ကြည့်တာလေ..ဘာလဲ မကြိုက်လို့လား။"
"ဟုတ်တယ် မကြိုက်ဘူး။"
"ဘာလို့တုန်း"
"ကို သဲလေး လို့ခေါ်တာ ခိုင့်ကိုခေါ်တယ်လို့မခံစားရဘဲ တခြားမိန်းမကို ခေါ်နေတယ်လို့ ခံစားရလို့..."
"ဟေ..ဟားဟားဟား..."
ထွန်းရှိန်ဝါ ဆိုဖာနောက်မှီကိုမှီချပြီးအားပါးတရ ရယ်နေတော့သည်။ခိုင်အိက သူရယ်နေတာကို မျက်မှောင်ကြုံ့၍ ကြည့်သည်။
"ဟာ..နင်ကလည်း မရယ်နဲ့လေ...ငါအတည်ပြောနေတာကို"
"ခိုင်က ရယ်ရအောင်ပြောနေတာကိုးကွ..."
"ကို...ငါ့ကို တကယ်ချစ်တာလားဟင်"
လက်စသတ်တော့ ခိုင်လေးက သူ့ကို စိတ်မချကာ သံသယဝင်နေခြင်းဖြစ်သည်ဟု သိလိုက်သည်။ မျက်လုံးရွဲလေးများဖြင့် သူ့ကိုသေချာကြည့်နေသော မိန်းကလေးကို အူတွေယားနေလေ၏။
ချစ်သူရည်းစားဘဝရောက်သွားသော်လည်း သူငယ်ချင်းလိုပေါင်းနေကြသည်ဖြစ်၍ သူတို့ချစ်သူဘဝမှာ ပုံမှန်ချစ်သူရည်းစားများလို အကဲပိုအကြင်နာပိုတာမျိုး မရှိ။ ခိုင်အိသည် အနေအေးပြီး ချွဲ့နွဲ့မပြောတတ်၍ အခုလို မေးခွန်းမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ဘယ်ကဘယ်လိုဆက်စပ်တွေးမိမှန်းမသိပေမယ့် သူနဲ့ပတ်သက်ပြီး ဖြစ်လာသည့် ထိုစိတ်လေးကို ထွန်းရှိန်ဝါ ကျေနပ်မိသည်။
"ဖြေလေဟာ"
သူမမေးခွန်းကို စကားလုံးများဖြင့် မဖြေချင်ပါ။
ထွန်းရှိန်ဝါ သူမလက်ကိုဆွဲ၍ ထလိုက်သည်။
"ကို...ဘာလုပ်တာလဲ...ဘယ်သွားမလို့လဲ"
ပြန်ဖြေမနေတော့ဘဲ အခန်းလွတ်တစ်ခန်းထဲသို့ဝင်သွားလိုက်သည်။ အခန်းထဲသို့ရောက်သော် ခိုင်အိကို နံရံနှင့်ကပ်လိုက်သည်။
"ဘာလုပ်မလို့...အွန့်..."
ရုတ်တရက် ရရှိလိုက်သော အနမ်းပွင့်ကြောင့် သူမ အနည်းငယ်လန့်သွားသည်။
ရုံးခန်း၏အရှေ့တွင် မည်သူမှမရှိ။တိတ်ဆိတ်နေ၏။သို့သော် အခန်းထဲမှ အသံတိုးတိုးကြားနေရသည်။
"ကို...အွန်း...ခဏလေး..."
လက်ဖဝါးနုနုလေးများက သူ့ရင်ဘတ်တွေကိုတွန်းထားပြီး နှုတ်ခမ်းများကတော့ ဖိကပ်ထားသည်။
ထွန်းရှိန်ဝါ၏ မရပ်နားသည့် အနမ်းတို့ကြောင့် ခိုင်အိ လှုပ်မရ။ သူမ၏ လည်ပင်းစပ်နှင့် မေးဖျားတို့ကို ကိုင်ကာ မွတ်သိပ်စွာနမ်းရှိုက်နေ၏။
ခိုင်အိရဲ့ နူးညံ့ဖူးအိနေသည့် နှုတ်ခမ်းသားများကို တလွှာချင်းနမ်းရှုံ့ပြီးနောက် အရှိန်လျှော့လိုက်တော့မှ သူမ အသက်ရှုခွင့်ရတော့သည်။ ပန်းနုရောင်နှုတ်ခမ်းနီတချို့မှာ ခိုင့်နှုတ်ခမ်းတွင်မရှိတော့။
မျက်နှာတစ်ခုလုံးနီရဲပြီးအသက်ရှူနေသော
ချစ်သူကိုကြည့်ရင်း ကြည်နူးစွာပြုံးလိုက်သည်။
"ကဲ သိပြီလား"
"ဘာကိုလဲ။"
"ဟင်..စောနက ခိုင်မေးတဲ့မေးခွန်းရဲ့အဖြေလေ...ဘာလဲ မသိသေးဘူးလား...ထပ်ဖြေရဦးမလား..."
ထွန်းရှိန်ဝါ သူမကို အုပ်မိုးဟန်ပြုလိုက်သောအခါ မျက်လုံးလေးပြူး၍ လက်ကာပြသည်။
"ရပြီ ရပြီ...သိပြီ thank you"
သူမ အခုထိ အရှက်မပြေသေး၍ ခေါင်းလေးငုံ့နေ၏။ အမှန်တော့ ထွန်းရှိန်ဝါကိုယ်တိုင်လည်း ရင်တွေခုန်နေဆဲ။ ကြည်နူးမှုနှင့်အတူ ချစ်သူကို ရင်ခွင်ထဲသို့ အသာဆွဲယူလိုက်သည်။ အရပ် ၅ ပေ ၃ လက်မ သာသာလောက်သာ ရှိသော သူမမှာ ၆ ပေ ပြည့်ခါနီး သူ၏ ခန္ဓာကိုယ်တွင်း၌ နစ်မြုပ်ဝင်သွားသည်။ ထွန်းရှိန်ဝါသည် ခိုင်အိရဲ့ခေါင်းပေါ်တွင် ခေါင်းမှီထားသည်။
"ခိုင်"
"ဟင်"
"ဒီနေ့ ကိုယ်တို့ဘာလုပ်ကြမလဲဟင်"
ထိုအခါ သူမက ရွှင်မြူးသော မျက်နှာလေးနှင့် သူ့ကိုမော့ကြည့်လာသည်။
"ဒီနေ့ ခိုင်က နေ့တဝက်ပဲလေ..ကိုနဲ့တူတူ ရှိချင်လို့ ကိုနဲ့အတူ တနေရာမှာ အေးအေးဆေးဆေး ထမင်းစားရင်းစကားတွေပြောချင်လို့..."
မမျှော်လင့်ထားသည့်စကားများကြားလိုက်ရသောအခါ ထွန်းရှိန်ဝါ မျက်ခုံးတွေပင့်လျက်သားအံသြမိသည်။ သူ့ရင်ခွင်ထဲမှာ သူ့ကိုမော့၍ချွဲနေသော ကောင်မလေးကိုကြည့်ရင်း အသည်းတွေယားလာရပြန်သည်။
"ခိုင် ဘယ်တုန်းထဲက အခုလို ချွဲတတ်သွားတာလဲဟင်...သူငယ်ချင်းဘဝတုန်းကတောင် အဲ့လိုချွဲတာတခါမှမတွေ့ဖူးဘူး သိလား"
အသည်းယားစွာဖြင့် သူမ နဖူးလေးကိုငုံ့နမ်းလိုက်သည်။ ထိုအခါ ခိုင်သည်ပြုံးလိုက်ပြီး ထွန်းရှိန်ဝါ၏ နှုတ်ခမ်းတွင် ပေနေသော သူမ၏ နှုတ်ခမ်းနီများကို လက်ဖြင့် အသာပွတ်ကာဖျက်နေ၏။
"မိန်းကလေးပဲ ချွဲတတ်တာပေါ့လို့...ခိုင် ဗိုက်ဆာပြီကို..."
"ကိုယ်ရောပဲ...ရှမ်းကော?"
"ဟင့်အင်း တနေ့ကမှ စားထားတာ စားချင်ဘူး။မြန်မာထမင်းဟင်းကောင်းကောင်းလေးစားချင်တယ်။"
"ဒါဆို ကိုယ်စားနေကျဆိုင်ရှိတယ်။ သွားကြမယ်လေ။"
"အင်း"
ထို့နောက် သူတို့နှစ်ဦး ဆိုင်သို့သွားကြသည်။ထိုနေ့သည် သူတို့နှစ်ဦးအတွက် နောက်ဆုံးအကြိမ်ဟုဆိုရသည်အထိ သက်ရောက်သွားလိမ့်မည်ဟု သူတို့အပါအဝင် ကမ္ဘာပေါ်က လူတိုင်းလည်း မသိခဲ့ကြ။
ခိုင်အိတို့ချစ်သူနှစ်ဦး၏ ပျော်စရာကောင်းသည့် နေ့စွဲများနောက်တွင် မည်သူမှတားဆီးမရနိုင်သော ကပ်ဆိုးတစ်ခုက တကမ္ဘာလုံးကို ဆိုးရွားစွာ ချဥ်းကပ်လာခဲ့သည်။MJ11
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...