Room 5 (Everything has changed) 🌱🌾

397 28 0
                                    


ထွန်းရှိန်ဝါ တစ်ယောက် ကျွန်တော်တို့အနားမှာ မရှိတော့တဲ့နောက်ပိုင်း ကျွန်တော်တို့လေးယောက်ပဲဆုံဖြစ်ကြတယ်။ အရင်လို ပျော်လို့ပေါလို့ မကောင်းတော့တာကလွဲရင် ကျန်တာအားလုံးက အရင်အတိုင်းပါပဲ။ ကျော်ကျော်ခိုင်နဲ့ခိုင်အိ တို့က ညနေ၅ နာရီ ဝန်းကျင်ဆို ဆုံနေကျ ရှမ်းဆိုင်ကို ဘက်စ်ကားစီးပြီး ရောက်လာကြတယ်။ စန္ဒီနိုင်က တို့ဟူးနွေးစားရင်းစာအုပ်တစ်အုပ်ကိုဖတ်နေမယ်။ကျွန်တော်ကတော့ ဒါတွေကိုအလွတ်ရနေတဲ့သူပေါ့လေ။
ဘွဲ့ရပညာတတ် ပေါက်စတို့ ထုံးစံအတိုင်း လူငယ်တွေအများဆုံး ပြောကြတဲ့ တိုးတက်ရေးတို့ အောင်မြင်ရေးတို့ဘာတို့တွေ ဖတ်ဖူးသမျှ ပြန်ဖောက်သည်ချကြတာပေါ့။ ကျောင်းတုန်းကပတ်ကြောင်ခဲ့တဲ့ စော်တွေဘဲတွေအကြောင်း ပြန်ပြောရင်း ခွီကြနဲ့ ပေါ့ပါးလတ်ဆတ်လို့။
အားလုံးရဲ့မျက်လုံးတွေမှာ ကြယ်တွေလိုတောက်ပလို့။ အသက်ရှူနေရင်းကို လူက ဘဝင်လေဟက်ချင်သလိုလို...လေပေါ်ပျံတက်တော့မလိုလို...ချက်ချင်းပဲ မီးတက်ရှို့မလိုလို မာန်တက်နေခဲ့တယ်။
အခုတော့အရာအားလုံးက တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့ပြီ။အရင်လို လူမဆုံဖြစ်တော့ဘူး။ အရင်လို မအားကြတော့ဘူး။
ခိုင်​လေးက စင်ကာပူက scholarship တစ်ခုကိုဖြေဖို့ အသည်းအသန်လုပ်နေရတော့ ကျောင်းစာဖတ်တာပဲတွေ့တယ်။ ကျော်ကြီးလည်း လက်ဖက်ရည်သောက်ခေါ်ရင် စာလုပ်နေတယ်ဆိုပြီး အမြဲမလိုက်နိုင်ဘူး။ ကြာတော့ ကျွန်တော် တော်တော်ဘက်ပဲ့လာရတယ်။ အရင် ထွန်းရှည် တစ်ကောင်ရှိတုန်းကဆို သူတို့လို အဲ့ဒီလောက် ပင့်စရာမလိုဘူး။ ၅နာရီဆိုတာနဲ့ နှစ်ကောင်သား ဆိုင်ထဲရောက်ပြီ။ ငယ်သူငယ်ချင်းဖြစ်တဲ့ ထွန်းရှည်ကို အလွမ်းပိုတာတော့ ဝန်ခံရမှာပဲ။
တလောက ဒီကောင်နဲ့ g talk မှာ chat ကြသေးတယ်။ သူတောင် သူ့ဆိုင်ကိုကိုယ်တိုင်ဦးစီးလုပ်နေရလို့ သိပ်မအားတော့ဘူးလို့ပြောလာတယ်။ ကျွန်တော့်စိတ်ထဲ ဝမ်းနည်းသလိုလို ဖြစ်သွားရတယ်။ ကျွန်တော်တို့ bff အဖွဲ့လေး အရင်လို အတူတူမရှိနိုင်ကြတော့ဘူး။ အရင်လို ဟာသတွေပြော ရယ်ကြပေါကြလို့ အချိန်မပေးနိုင်တော့ဘူး။ တက္ကသိုလ်ကဘွဲ့ယူလိုက်ပြီးနောက် အားလုံး ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့် ပုံစံခွက်တွေထဲဝင်ဆံ့အောင်လုပ်ရတော့တာပဲ။
ခိုင်လေးနဲ့ကျော်ကြီးတို့ စလုံးကို မသွားခင် နောက်ဆုံးတစ်ရက်မှာ ထွန်းရှည် ကျွန်တော်တို့ဆီခဏရောက်လာခဲ့တယ်။ တကယ်က ဒီကောင် ခိုင်​လေးကိုနှုတ်ဆက်ချင်လို့ လာတာ။ အဲ့ဒီ့နေ့က ကျွန်တော်နဲ့ စန္ဒီက ပိုခံစားရသလိုပဲ။ သူတို့တွေအသီးသီး ပျံသန်းသွားကြတယ်။ ကျွန်တော်နဲ့ စန္ဒီနိုင်ပဲ ကျန်ခဲ့ကြတာပေါ့။
မိန်းကလေးဖြစ်တဲ့ ကိုယ့် bff ကို လက်ဖက်ရည်ဆိုင်ထိုင်ဖို့ မခေါ်ဖြစ်တာကစပြီး သူနဲ့ကျွန်တော် သိသိသာသာ သွေးအေးသွားခဲ့တယ်။ ကျွန်တော်တို့ တစ်ပတ်တစ်ခါကနေ တစ်လတစ်ခါလောက်သာဆုံဖြစ်ကြတော့တယ်။ တွေ့လိုက်တိုင်းလည်း အရင်တုန်းကအကြောင်းတွေထက် အလုပ်အကြောင်းပဲပြောဖြစ်ကြတော့တယ်။အရင်ကအကြောင်းပြောရင် ဟိုကောင်တွေကိုသတိရမိကြလို့။
ကျော်ကြီးတို့ စလုံးရောက်ပြီး သိပ်မကြာဘူး။ ကျွန်တော် ဆိုင်လေးတစ်ဆိုင်ဖွင့်တယ်။ နဂိုထဲက ဖြုတ်တပ်ကလိ ရတာ ဝါသနာပါတဲ့အတွက် service ပေးတဲ့ဆိုင်ကို အာရုံစိုက်လုပ်နိုင်ခဲ့တယ်။
စန္ဒီလည်း သူ့ဟာသူရှုပ်နေတာမို့ ကျွန်တော်တို့ g talk ကပဲအဆက်အသွယ်လုပ်ဖြစ်ကြတော့တယ်။ လူမစုံတော့တာလည်းပါတာပေါ့။
ဒီလိုနဲ့ ကျွန်တော်နဲ့ သူလည်း သိပ်မတွေ့ဖြစ်ကြတော့ဘူး။ အရင်က ကျွန်တော်တို့ bff အဖွဲ့ကြီးဟာ ဒီတိုင်းပဲ အတူရှိနေမှာလို့ ယုံခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ အိပ်မက်တွေ ဘဝတွေအတွက် ပျံသန်းဖို့ခွဲခွာရတာပဲမလား။

စာဖတ်သူရင်ထဲ တစ်ခုခုကျန်ခဲ့တယ်ဆိုရင်
စာရေးသူ ကျေနပ်ပါပြီ။ 😍

ကျေနပ်သဘောကျတယ်ဆို ဝါသနာရှင်လေးကို မြေတောင်မြှောက်ပေးကြပါအုံးလို့😁
ကျေးဇူးပြု၍ vote ပေးပြီး အသိအမှတ်ပြုပေးကြပါနော်။

MJ11

မတော်တဆ 🤍💋❤Onde histórias criam vida. Descubra agora