"ဟဲလို ကျော်ကြီး ပြော"
"............."
"ဟာ အာ့သူ့ဆီဆက်လေ...ဘာလို့ငါ့လာဆက်တာတုန်းဟ"
".............."
"မင်းကလည်းကွာ......အေးအေး အာ့ဆို ဒါပဲဟျောင့်"
"တီ"
ကျော်ကျော်ခိုင်နှင့်ဖုန်းပြောပြီးနောက် သော်တာခွန်းအနည်းငယ် ခေါင်းကိုက်ချင်သွားသည်။ မခင်နှင်းဆီနှင့်ပတ်သက်ပြီး စန္ဒီနိုင့်ကိုအကူအညီတောင်ဖို့ကို သူ့ကိုလာပြောနေခြင်းဖြစ်သည်။ စန္ဒီနိုင့်ကိုဖုန်းဆက်တော့ မကိုင်လို့ဟုပြော၍ သူ့ဆီအပူလာကပ်ခြင်းပင်။
"ရှုပ်ရှုပ်ယှက်ယှက်တွေကွာ....ငါနဲ့လဲမဆိုင်ဘဲ ဟိုတစ်ယောက်နဲ့စကားက ပြောရဦးမယ်...ယိပဲ"
သော်တာ စိတ်ပေါက်ပေါက်နဲ့ အခန်းထဲကထွက်၍ စန္ဒီနိုင်၏အခန်းအရှေ့တွင်မတ်တပ်ရပ်လိုက်သည်။ တံခါးခေါက်ဖို့ကို တုံ့ဆိုင်းနေရင်း စိတ်ပျက်ပျက်နဲ့ သက်ပြင်းသာချမိသည်။ စက္ကန့်ပိုင်းမျှ ငြိမ်သက်ပြီးနောက် အသက်ဝဝ တစ်ခေါက်ရှုလိုက်ကာ တံခါးခေါက်ရန် ဟန်ပြင်လိုက်စဥ် ရုတ်တရက်ကြီး တံခါးပွင့်လာသောအခါ....
"ခွက်!"
"အ...အမလေး!" "အမေရီး!"
တံခါးဆွဲဖွင့်ကာ အရှိန်ပါလာသော စန္ဒီနိုင်မှာ အရှေ့တွင် ငူငူကြီးရပ်နေသည့် သော်တာခွန်း၏ မေးစေ့ကို သူမနဖူးဖြင့် သွားမိတ်ဆက်မိတော့သည်။
သော်တာခွန်း၏ ရင်ခွင်ထဲသို့ အော်တိုရောက်ရှိသွားသူ စန္ဒီနိုင်ကြောင့် သူ့ရင်ခုန်သံတွေ တဖြည်းဖြည်း မြန်လာ၏။ အသက်ရှူသံပါ ကျယ်သလိုဖြစ်လာသောကြောင့် သူမ မရိပ်မိအောင် အသက်အောင့်ထားမိသည်။
"အား..လာ လာ...သေပါပြီ ငါ့နဖူးလေးတော့....နင်က ဘာကိစ္စ ငါ့အခန်းရှေ့လာရပ်နေတာတုန်း"
အီစလံဝေသွားသော နဖူးလေးကို ပွတ်ကာ ဒေါသထွက်ပြီး အော်လိုက်ပေမယ့် သူက တုပ်တုပ်ပင်မလှုပ်။
"ဟဲ့..သော်တာမ...ဟဲ့ ဟက်!"
"ငါကြားတယ်"
အသက်မပါတဲ့အသံကြောင့် သူမမော့ကြည့်လိုက်မိသည်။ သူ့ကိုကြည့်ရတာ တခုခုကိုထိန်းချုပ်ထားသလိုလို.....။ သို့ပေမယ့် သူ့ကိစ္စမို့ဆက်မမေးတော့ဘဲ သူ့အရှေ့က ထွက်သွားဖို့ပြင်တော့ သူက သူမလက်တဖက်ကို လှမ်းကိုင်လိုက်သည်။
"ပြောစရာရှိတယ်...ငါနဲ့လိုက်ခဲ့"
"ဘာ!"
သော်တာ့အပြောကြောင့် သူမ အနည်းငယ်ကြောင်သွားမိသည်။ သို့ပေမယ့် လက်မြန်သော သူကပဲ စန္ဒီ့လက်ကိုဆွဲ၍ ဧည့်ခန်းထဲသို့ဦးတည်သွားသည်။
"ဟဲ့ ငါရေသောက်မလို့ဟ...ဘာလုပ်မလို့.."
"ငါခပ်ပေးမယ်...ဒီမှာ ထိုင်နေ"
"အမ်"
သော်တာခွန်းကို တကယ်နားမလည်တော့ပါ။
ဘာစိတ်ပေါက်ပြီး ရေပါခပ်ပေးပြီး သူကဘာတွေပြောမှာလဲ စန္ဒီတွေးနေရပြီ။ ခဏကြာတော့ ရေတစ်ခွက်ကို စားပွဲပေါ်ချပေးသည်။
"ရော့ ရေ...သောက်"
သူမ မသောက်သေးဘဲ သော်တာခွန်းကိုကြည့်နေ၏။
'ဘာလို့ ဒီလိုတွေလုပ်နေတာလဲ...တခုခုအရေးကြီးတာပြောမလို့လားမသိဘူး...သူငါ့ကိုဘာပြောမလို့လဲ'
"မသောက်ဘူး...နင်ငါ့ကိုဘာပြောချင်လို့လဲ...အဲ့ဒါအရင်ပြော"
"ဟို..."
တကယ်တော့ ကျော်ကြီးကိစ္စပြောဖို့အတွက်သူမဆီသွားခဲ့သည်။ သို့ပေမယ့် သူမကိုတွေ့ပြီးနောက်မှာ စိတ်ထဲမှာ ဝှက်ထားတဲ့အရာတစ်ခုကို သူမသိအောင်ပြောပြချင်မိသည်။ အလုံးစုံမဟုတ်တာတောင် အနည်းအကျဉ်းတော့ သိထားသင့်သည်လို့ထင်သည်။
"ဘာလဲ..မြန်မြန်ပြော...ငါ ပါဆယ်တွေထုပ်ရဦးမယ်.....ဘာမှမဟုတ်ရင်သွားပြီ"
စိတ်မရှည်တော့သည့် စန္ဒီက ထထွက်မယ်လုပ်တော့ သူတားပြန်သည်။
"နေပါဦး....ငါတကယ်ပြောစရာရှိတယ်"
"အေးလေ ပြောလို့"
"တစ်ခုက ကျော်ကြီး ငါ့ကိုဖုန်းဆက်တယ်။ နင့်ကိုဆက်တာမကိုင်လို့ ငါ့ဆီဆက်တာတဲ့။ မနှင်းဆီအကြောင်းသိချင်လို့ဆိုလား"
"ဘာ...ရည်းစားပဲဖြစ်နေပြီ...ကိုယ့်ဆော်အကြောင်း အခုထိမသိသေးဘူးလား...ထားမနေနဲ့...အေးပါ ငါဖုန်းပြန်ဆက်လိုက်ပါ့မယ်....ဒါပဲမလား"
"ကျန်သေးတယ်...နောက်တစ်ခုက ငါတို့ကိစ္စ"
စန္ဒီ ခဏလောက် ငြိမ်သက်သွားမိသည်။
'ငါတို့ကိစ္စ' တဲ့။ မဟုတ်မှလွဲရော ငါတို့ဟန်ဆောင်လက်ထပ်ထားတာကို ဟိုတစ်ယောက်ကိုပြောပြတော့မှာလား....တကယ်ပဲ ပြောပြတော့မှာလား'
အတွေးတွေကြောင့် စန္ဒီ သော်တာပြောမယ့်စကားတွေကို စိတ်လှုပ်ရှားနေမိသည်။
"ဘာပြောမလို့လဲ..."
"ဟိုနေ့က ငါတွေ့ခဲ့တဲ့ မိန်းကလေးကို...နင်သိတယ်မလား"
"အင်း...သိပ်တော့မသိပေမယ့် မြင်ဖူးတယ်"
"အင်း...သူက နှင်းပွင့်စံ တဲ့။ ငါနဲ့ကျောင်းတုန်းက...တွေ့ခဲ့ကြတာ"
တွေ့ခဲ့ကြတာလား....ချစ်ခဲ့ကြတာလား သော်တာရယ်။
"အဲ့တော့"
စန္ဒီ ဟန်ဆောင်ကောင်းနေဆဲ....။
"အဲ့တော့....သူနဲ့မိတ်မဆက်ပေးလိုက်ရဘူးလေ နင်နဲ့....အဲ့နေ့တုန်းက"
"အော်...ရပါတယ်...ငါနဲ့မှ မဆိုင်တာ"
သော်တာခွန်း သူမကိုကြည့်လိုက်မိသည်။
"မဆိုင်ဘူးလား...တကယ် နင်နဲ့မဆိုင်ဘူးလား"
စိတ်ကိုတင်းပြီး ဟန်မပျက်ဖြေလိုက်မိသည်။
"အင်း...မဆိုင်ဘူးလေ...နင်နဲ့သိတာ ငါနဲ့သိတာမှမဟုတ်တာ...အဲ့တော့မဆိုင်ဘူးလေ"
"အော်..."
"အင်း..."
သူတို့နှစ်ဦးကြား စကားစပြတ်သွားသည်။ တိတ်ဆိတ်ငြိမ်သက်နေသည့်အခန်းထဲမှာ သူမ သူ့ကိုမကြည့်မိအောင်နေသည်။
"ဒါပေမယ့်...ငါကတော့ ဆိုင်တယ်လို့ထင်နေတယ် စန္ဒီ..."
"ဟင်"
သေချာစိုက်ကြည့်ပြီး ပြောလာသော သူ့မျက်လုံးများကို သူမမရှောင်တိမ်းနိုင်တော့။
"ဘာလို့လဲ...ငါ့ကိုမပြောပြလဲဖြစ်တယ်လေ...ငါလဲမသိချင်ဘူး"
"နင်တကယ် မသိချင်ဘူးလား"
"ဟင့်အင်း....ငါမသိချင်ဘူး...နင်နဲ့ငါ ဟန်ဆောင်လက်ထပ်ထားတာမလား...ငါတို့ရဲ့ personal တွေအထိ ပြောပြဖို့မလိုဘူးလေ...ဟုတ်တယ်မလား...ငါတို့ဒီလိုပဲနေဖို့ ဆုံးဖြတ်ခဲ့ကြတာလေ"
"အော်...."
သူမ၏သဘောထားအမှန်ကို ရှင်းရှင်းလင်းလင်းသိလိုက်ရသည့်အတွက် သူ ဆက်မပြောတော့ပေ။
"အိုကေ...အဲ့ဒါဆိုလဲ ပြီးတာပဲ...ကျော်ကြီး ကိစ္စ တချက်ကူပေးလိုက်ဦး"
သူမ ခေါင်းငြိမ့်ပြသည်။ ထို့နောက် သော်တာလည်း အခန်းထဲပြန်ဝင်သွားသည်။
X
သာယာလှပသော တနဂ်နွေ မနက်ခင်းလေးတွင် ခင်နှင်းဆီ သည် စန္ဒီနိုင်တို့တိုက်အောက်တွင် ဖုန်းဆက်နေသည်။
"လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ......"
"မနိုးသေးဘူးလားမသိဘူး...ဒီကောင်မလေး...အော် ကြိုးရှိသားပဲ...ဆွဲကြည့်ဦးမယ်"
ခေါင်းလောင်းကြိုးကိုတွေ့သွားပြီးနောက် ခင်နှင်းဆီ ကြိုးကိုအသာဆွဲလှုပ်လိုက်သည်။
"ကလောင်...ကလောင် ကလောင်"
အိမ်ရှေ့တွင် ခေါင်းလောင်းကြိုးဆွဲသံကြား၍ သော်တာမျက်နှာသုတ်ရင်းတန်းလန်းဖြင့် တိုက်အောက်ကိုငုံ့ကြည့်လိုက်သည်။ ခင်နှင်းဆီမှန်းသိသွားသော် လက်ကာပြကာ သော့ချပေးဖို့ပြင်တော့ သူမက လက်ထဲက အထုပ်ကို ထောင်ပြကာ အောက်ဆင်းယူရန်အချက်ပြသည်။ ထိုအခါ သော်တာခွန်းသည် အခန်းထဲကထွက်မလာသေးသူ စန္ဒီနိုင့်ကိုတချက်လှည့်ကြည့်လိုက်သေးသည်။ တဖက်ကိုစောင့်ခိုင်းရင် အားနာဖို့ကောင်းသောကြောင့် သူကိုယ်တိုင်ပဲ mask တပ် ကာဆင်းသွားလိုက်တော့သည်။
အောက်ရောက်တော့ သော့ဖွင့်လိုက်သည့်အခါ
"သော်တာကိုယ်တိုင် ဆင်းလာယူတာပဲ...အားနာစရာ...စန္ဒီ့ကိုအစ်မ အရင်ဖုန်းဆက်တာ မကိုင်လို့ ကြိုးဆွဲလိုက်ရတာ"
"ဟုတ် ရတယ် အစ်မ....စန္ဒီက အိပ်ရင်ဖုန်းပိတ် အိပ်တတ်လို့ပါ..."
"အော် အဲ့လိုကိုး....အင်းပါ။ ဒါနဲ့ ဒီမှာရော့...စန္ဒီကြိုက်တဲ့ဆိုင်က လက်ဖက်ရည်နဲ့မုန့်တွေ လမ်းကြုံလို့ဝယ်လာခဲ့တယ်..."
ခင်နှင်းဆီက သူ့ကိုလက်ဖက်ရည်နှင့်မုန့် ပါဆယ်ထုပ်များ ကမ်းပေးလိုက်တော့
"အာ...အားနာစရာကြီးဗျာ...ဒါနဲ့ စန္ဒီ့ဖို့ပဲလား...ကျွန်တော်ရော စားလို့ရလားဟင်"
"ဟယ်..ဘာလို့မရရမှာလဲ...နှစ်ယောက်လုံးစားဖို့ ဝယ်လာတာပါနော်...မင်းတို့လင်မယားနှစ်ယောက် မုန့်လုနေမှာစိုးလို့ လုံလုံလောက်လောက် ဝယ်လာခဲ့တယ်..."
'မင်းတို့လင်မယား' ဆိုသော အသုံးအနှုန်းကြောင့် သော်တာအနည်းငယ် မျက်နှာပူသွားကာ..
"ဟု..ဟုတ် ကျေးဇူးပါပဲ အစ်မရေ...နောက်နေ့ကျ ကျော်ကြီးတို့နဲ့အိမ်မှာ ဆုံဖို့ချိန်းထားသေးတယ်။ အဲ့ခါကျ အစ်မပါလာခဲ့နော်..."
"အင်းပါ...အစ်မ လာနိုင်အောင်ကြိုးစားပါ့မယ်..အာ့ဆို အစ်မသွားမယ်နော် မောင်လေး"
"ဟုတ်ကဲ့"
သော်တာခွန်းအရှေ့ကလှည့်ထွက်သွားသော ခင်နှင်းဆီသည် ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားပြီး သူ့ဆီပြန်လျှောက်လာပြန်၏။
"အော် မေ့နေလိုက်တာ...ဒါလေး ရုံးခန်းရှင်းတုန်းကတွေ့လို့လေ...စန္ဒီ့အနွေးထည်လေးထင်တယ်...သော်တာပဲ ပေးပေးတော့နော်"
"အော်..ဟုတ်"
လက်ထဲကိုရောက်လာသည့် ပလက်စတစ်အိတ်ထဲက အနွေးထည်လေးကို သူလှမ်းယူလိုက်သည်။ ထို့နောက် ခင်နှင်းဆီကိုနှုတ်ဆက်ပြီး အပေါ်ပြန်တက်လာခဲ့သည်။
မုန့်နှင့်လက်ဖက်ရည်များကို စားပွဲပေါ်တွင်တင်ပြီးနောက် အိတ်ထဲက အနွေးထည်လေးကိုသူထုတ်ကြည့်လိုက်သည်။
အပြာရင့်ရောင် သိုးမွေးဆွယ်တာလက်ရှည်လေးတစ်ထည်...။
သော်တာခွန်းစိတ်ထဲမှာ တမျိုးတမည်လေးခံစားလိုက်ရ၍ ထိုဆွယ်တာလေးကိုသေချာစူးစမ်းနေ၏။ အနွေးထည်လေးသည် စန္ဒီ့အတွက် အနည်းငယ်ပိုကြီးနေပြီး လက်အလွန်ရှည်ကာ ပုခုံးကျယ်လွန်းသည်။ ဘယ်လောက်ပဲ ခန္ဓာကိုယ်ထွားသောမိန်းကလေးဖြစ်ပါစေ...ပုခုံးနှင့်လက်တို့မှာ ယောကျာ်းလေးဆိုက်ဇ် မှန်းအတိအကျပြောနိုင်၏။
"ဒါ...ဘယ်သူ့ဟာပါလိမ့်...စန္ဒီ့ဟာတော့ မဖြစ်နိုင်ဘူး.."
အကျီကိုသေချာကြည့်ရင်း ဖြစ်နိုင်ချေကိုစဥ်းစားကြည့်သည်။ ဒီအကျီဆိုက်ဇ်နှင့်တော်နိုင်မည့် ယောကျာ်းလေးမှာ စန္ဒီ့ပတ်ဝန်းကျင်ထဲတွင် အရင်းနှီးဆုံး ယောကျာ်းလေးဆိုပါက ထွန်းရှိန်ဝါနှင့်သူသာရှိသည်။ သော်တာသိချင်စိတ်တွေ ပိုလို့ပြင်းပြလာသည်။ သူ၏ အသိစိတ်တွေကို ထပ်ခါတလဲလဲ နှိုးဆွပေးနေသည်။သိချင်စိတ်တို့ စိုးမိုးလွန်းသည့်အခါ ထိုအနွေးထည်လေးကို ကောက်စွပ်မိလိုက်တော့သည်။
"ဟင်"
အနွေးထည်လေးမှာ သူနှင့်ကွက်တိထပ်တူကျနေ၍ သော်တာ အရမ်းအံ့သြမိသွားသည်။ သူ့အတွက် တိုင်းချုပ်ထားသလားထင်မှတ်ရအောင် ကိုယ်ထည်နှင့် လက်တို့ကပါ တော်နေ၏။ ပဟေဠိဆန်သော ထိုအနွေးထည်လေးကြောင့် မနက်စောစော တစ်ယောက်ထဲ ခေါင်းစားနေရပြီ။
'ဘာလဲဟ...ငါ့အကျီများလား...'
သော်တာခွန်းဝတ်လေ့ရှိသော အကျီများတွင် နက်ပြာ ၊ အနက်နှင့်အဖြူတို့များသည်။ အပြာရင့်ရောင် Hoodie လေးတစ်ထည်လည်းရှိသည်။ သို့ပေမယ့် ဆွယ်တာအကျီတော့မရှိ။ ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ သော်တာခွန်းအကျီ ဘယ်လိုမှ မဖြစ်နိုင်ပါ။ တစ်စုံတစ်ရာ အတွေးတမျိုးကပါ ခေါင်းထဲပြေးဝင်လာ၏။
"မဟုတ်မှလွဲရော...စန္ဒီနိုင့် ကောင်လေးဟာ များလား.."
အိုက်စပ်စပ်ရာသီဥတုကြီးတွင် ဆွယ်တာကြီးဝတ်ပြီး ဦးနှောက်ခြောက်ခံတွေးနေမိရင်းက သော်တာခွန်း စိတ်ပါတိုလာ၏။ တကယ်ပဲ သူမ၏တစ်ယောက်သောသူအတွက် သူမကိုယ်တိုင် ထိုးထားသည့် ဆွယ်တာလေးလား။ မကောင်းတဲ့အတွေးတစ်ခုလို သဘောမကျစွာပဲ သူငြင်းပယ်လိုက်သည်။ ထို့နောက် အကျီချွတ်ကာ နဂိုပုံစံအတိုင်း ပြန်ထည့်ထားရန် ခေါက်မည်အလုပ်တွင် ရုတ်တရက်ကြည့်လိုက်မိသော အကျီဂုတ်နေရာက အသားတံဆိပ်အဖြူလေး။
"For my only moon...ဟင်..."
တံဆိပ်လေးကိုအသံထွက်ဖတ်မိပြီး ကိုယ်တိုင်အံ့သြသွားရသည်။ ထူးထူးဆန်းဆန်း စိတ်တွေ လှုပ်ရှားလာရင်းက သူမရှိရာသို့ ငေးမိသွားသည်။
တချိန်ထဲမှာပဲ ညက သူမပြောခဲ့သော စကားတချို့ကိုပြန်ကြားယောင်လာတော့သည်။
"နင်နဲ့ငါက ဟန်ဆောင်နေကြတာမဟုတ်လား..."
သူမပြောခဲ့သော စကားတချို့ကို သူပြန်မေးခွန်းထုတ်ချင်မိသည်။
"ငါတို့ တကယ်ဟန်ဆောင်နေကြတာမဟုတ်လား....ဟင်...စန္ဒီ..."
တီးတိုးရေရွတ်မိသော သူ့စကားသံတွေကို ဘယ်သူမှမကြားနိုင်ခဲ့။
XPlease don't forget to ⭐
Love y'all 😘
MJ11🍀
YOU ARE READING
မတော်တဆ 🤍💋❤
Romance"လည်ပင်းဖက်ပြီးပေါင်းလာတဲ့ bff အဖွဲ့လေးထဲကို တနေ့တော့ အချစ်ဆိုတဲ့ အုန်းသီးတစ်လုံး ပြုတ်ကျလာခဲ့တယ်။ အုန်းသီးတစ်လုံးဟာ မျောက်တွေအတွက်တော့..... တကယ့် 'ငစား' ပဲ။ အထူးသဖြင့် ကျွန်တော်နဲ့ သူမ အတွက် ဆိုပါတော့။" Pandemic ကာလအတွင်းကိုအခြေခံရေးထားတဲ့ Quaran...